ယင်းမာပင်ခရိုင် အမှတ်(၆) တပ်ရင်းမှူး သေဆုံးမှုအပေါ် အမြင်ကွဲလွဲမှုများ ထွက်ပေါ်နေ

ဇွန် ၂၇
The Kaladan Post
ယင်းမာပင်ခရိုင် အမှတ်(၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင်(ခ) ပီတာသည် ဇွန်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ခရိုင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအတွင်း ပစ်ခတ်ခံရပြီး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုကို ရဲဘော် ငဖြိုးက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင် စစ်ဌာနအချုပ်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။
PDF စစ်ရုံးချုပ်က ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဖြစ်စဥ်နှင့် ပတ်သက်ပြီး ကွပ်ကဲရေးမှူး စွမ်းသူမောင်နှင့် ကိုယ်ရေးအရာရှိတို့ ရုပ်သံ ပြန့်လာပြီး တပ်ရင်းမှူး ပုလဲမောင်သည် တော်လှန်ရေးကိုသစ္စာဖော်သဖြင့် အခုလို ပစ်သတ်ခြင်းခံခဲ့ခြင်းဖြစ် ကြောင်း ပြောဆိုကြပါတယ်။ တစ်ဖက်တွင်လည်း ၎င်းပြောဆိုမှုများသည် သေဆုံးပြီးသူကို တော်လှန်ရေးသစ္စာဖောက် တံဆိပ်ကပ်ခံနေရခြင်း သာဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။
ထို့ပြင် ယင်းမာပင်ခရိုင် အမှတ်(၆) တပ်ရင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင်သည် ရိုးသားမှု၊ စည်းကမ်း လိုက်နာမှုနှင့် တော်လှန်ရေးလမ်းစဉ်အပေါ် ဖောက်လွဲဖောက်ပြန် ဖြစ်မှုတွေကို အမြဲ ထောက်ပြ ပြောဆိုခဲ့သူတဦးဖြစ်တာကြောင့် ဒီနေ့ နေ့လည်မှာ ဂဠုန်ဦးစော လက်သစ်တွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရပြီဖြစ်ကြောင်းနှင့် ၎င်းကျဆုံးမှုအပေါ် PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော် က နှုတ်ဆက် အလေးပြုကြောင်း ဆိုရှယ်လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

#ယင်းမာပင်ခရိုင်#တပ်ရင်းမှူးပုလဲမောင်#PDF#NUGကာကွယ်ရေးဝန်ကြီးဌာန#တော်လှန်ရေးသတင်း

ကြိုတင်ကန့်သတ်ချက်ဘာမှမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် EAO များကို မင်းအောင်လှိုင် ဖိတ်ခေါ်

ဇွန် ၂၇
The Kaladan Post
အာဏာသိမ်း ဦးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဘာကြိုတင် ကန့်သတ်ချက်မှမထားဘဲ ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးကြရန် ထပ်မံဖိတ်ခေါ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
နေပြည်တော်တွင် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က ကျင်းပသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရရှိရန်အတွက် ရရှိသည့်လမ်းကြောင်းအားလုံးမှ ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုပါတယ်။
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။EAO အဖွဲ့များအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးလိုလားပါက လာရောက်ဆွေးနွေးကြရန် တိုက်တွန်းခဲ့ပါတယ်။
ထို့ပြင် NLD အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်မှုခဲ့ခြင်းကြောင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည်ဟု ၎င်းက အပစ်လွှဲ ပြောဆိုခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်ကို နောက်ဆုံးထားပြီး ရက် (၁၀၀) အတွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြဖို့နဲ့ PDF တွေအနေနဲ့ အလင်း ဝင်လာကြဖို့ ဧပြီလ (၂၀) ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်ခဲ့ပါတယ်။

#Myanmar#PeaceTalks#MinAungHlaing#EAO#PoliticsNews


စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် မဟာမိတ်များနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု KNA ပြော

ဇွန် ၂၇
The Kaladan Post
စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများ နှင့် ခိုင်မာစွာ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ကယန်းအမျိုးသားတပ်မတော် (KNA) က ပြောကြားထားပါတယ်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဖွဲ့စည်းတည်ထောင်ခြင်း ၄၈ နှစ်မြောက် အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
KNA က ကလလတသည် အမျိုးသားတန်းတူရေးနှင့် ပြည်သူ့ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲဝင်ခဲ့သည့် သက်တမ်းရှည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပါတယ်။
ထို့ပြင် ကလလတ၏ တပ်ပေါင်းစုစိတ်ဓာတ်နှင့် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လေးစားတန်ဖိုးထားကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် တော်လှန်ရေး မဟာမိတ်များနှင့် ဆက်လက်လက်တွဲသွားမည်ဟု KNA က အလေးပေးပြောကြားခဲ့ပါတယ်။

#KNA#KNPLF#Karenni#FederalDemocracy#MyanmarRevolution

 


တိုက်ခိုက်ခံရပြီး ပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်၏ အစိတ်အပိုင်းများကို စစ်တပ် ပြန်သယ်

ဇွန် ၂၇
The Kaladan Post
မကွေးတိုင်း မြိုင်မြို့နယ် တွင်းမကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ FPV ဒရုန်းတိုက်ခိုက်မှု ကြောင့် ပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကုန်းကြောင်းဖြင့် ပြန်လည်သယ်ယူနေ ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ရဟတ်ယာဉ်အပိုင်းအစများကို ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကားများဖြင့် သယ်ဆောင်နေပြီး လမ်းတစ်လျှောက်၌ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များက လုံခြုံရေးယူပေးနေကြောင်း သိရပါတယ်။
အဆိုပါရဟတ်ယာဥ်ဟာ ဇွန်လ ၂၃ ရက်နေ့က တွင်းမပျူစောထီးစခန်းသို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်လာ သည့် Mi-17 ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်များက FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ရာ အင်ဂျင်နှင့် အတွင်းပိုင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ဦးစီးတပ်ကြပ်ကြီး အောင်တင်ဖြိုး သေဆုံးခဲ့ပြီး အခြားစစ်သားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။
ဖြစ်စဉ်အပြီး စစ်တပ်က လုံခြုံရေးပေါ့လျော့မှုနှင့် သတင်းပေါက်ကြားမှု ရှိမရှိ စစ်ဆေးရန် ဒုတိယတိုင်းမှူး ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း သိရပါတယ်။
လက်ရှိတွင် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းများ ထပ်မံဝင်ရောက်လာနေပြီး လေကြောင်းတိုက်ခိုက်မှု များလည်း ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။ ထိုအခြေအနေများကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရပါတယ်။

#Myaing#Mi17#DroneStrike#MyanmarConflict#Magway

ဟားခါး CDF စခန်းများနှင့် CNA စခန်းများ လေကြောင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် ၈ ဦးကျဆုံး

ဇွန် ၂၇
The Kaladan Post
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha တပ်စခန်း ၂ ခုကို စစ်ကောင်စီက ဇွန်လ ၂၆ ရက် ညပိုင်းတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော် ၅ ဦးကျဆုံးပြီး ဒဏ်ရာရသူများ လည်း အများအပြားရှိကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
တိုက်ခိုက်မှုအတွင်း စခန်းတစ်ခုမှ ရဲဘော် ၄ ဦးနှင့် အခြားစခန်းတစ်ခုမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအနက် စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရပါတယ်။
အလားတူ အိန္ဒိယ-မြန်မာနယ်စပ် ခမ်းပတ်-တမူးလမ်းကြောင်းတွင် စစ်ဆင်ရေးဖိအားများကြုံနေရ သည့် စစ်ကောင်စီက ခမ်းပတ်နှင့် ကနန်ဒေသများကို ယနေ့နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးအမြောက်အများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
ခမ်းပတ်မြို့အနီးနှင့် ကနန်ကျေးရွာအနီးရှိ CNA စခန်းများ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း CNA တပ်သား ၃ ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ဖော်ပြထားပါတယ်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်တစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး မင်းတပ်၊ ဟားခါး၊ ခမ်းပတ်နှင့် ကနန်ဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အရပ်သားများအပေါ် ဖိအားပေးတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး ယခုထုတ်ပြန်သည့်အချိန်ထိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိပေး ထုတ်ပြန်ခြင်း မရှိသေးသဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

#Hakha#CDFHakha#CNA#Chinland#MyanmarConflict

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းမည်ဟု NLD ပြောဆို

ဇွန် ၂၇
The Kaladan Post
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD) က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အင်အားစုများ ပူးပေါင်းပါဝင်ခဲ့မှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်း ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့က NLD ပြောဆိုလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့အထိ ဓာတ်ပုံကမ်ပိန်းများ၊ လူမှုကွန်ရက်လှုပ်ရှား မှုများနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှုများကို အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများက အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ယူကေ၊ ဂျာမနီနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း မွေးနေ့ဆုတောင်းသဝဏ်လွှာများ ထုတ်ပြန်ကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆိုချက်များကို ထည့်သွင်းဖော်ပြခဲ့ကြောင်း NLD က ပြောဆိုထားပါတယ်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းမေတ္တာပေးပို့ခဲ့ကြသည့် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနနှင့် နှုတ်အားဖြင့် ဆုတောင်းမေတ္တာပေးပို့ကြပါသော နိုင်ငံတကာသံတမန်များအားလည်း အထူးကျေးဇူးတင်ပါရှိကြောင်းလည်း ဖော်ပြထားပါတယ်။
NLD နှင့် CRPP-NLD တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သည့်အထိ ဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားပါတယ်။

#AungSanSuuKyi#PoliticalPrisoners#NLD#CRPPNLD#MyanmarDemocracy


အပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် တာဝန်ခံမှုကင်းမဲ့မှုကြောင့် စစ်အုပ်စု အကြမ်းဖက်မှု မြင့်တက်နေဟု ဦးကျော်မိုးထွန်း ပြောဆို

ဇွန် ၂၇
The Kaladan Post
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ အတွင်း စစ်အုပ်စု၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းမှာ အပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် ထိရောက်သော တာဝန်ခံမှုယန္တရားများ ကင်းမဲ့နေခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက် ကလေးသူငယ်များနှင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်းလည်း ထောက်ပြထားပါတယ်။
စစ်ကောင်စီထံသို့ လက်နက်များ၊ လေယာဉ်ဆီနှင့် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ စီးဆင်းနေမှုကို ဖြတ်တောက်ရန်နှင့် မြန်မာ့အရေးအား ICC သို့ လွှဲပြောင်းစစ်ဆေးရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။
စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် ကလေးသူငယ် ၁၅၃ ဦးအပါအဝင် အရပ်သား ၇၀၂ ဦး သေဆုံး ခဲ့ရပြီး ကျောင်းနေအရွယ် ကလေးနှင့် လူငယ် ၆ ဒသမ ၃ သန်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရ ကြောင်း ပြောဆိုထားပါတယ်။
NUG နှင့် မဟာမိတ်အင်အားစုများက CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ အွန်လိုင်းပညာရေး အစီအစဉ်များ ဖော်ဆောင်နေကြောင်းနှင့် မြန်မာကလေးသူငယ်များ၏ အနာဂတ်ကို ကာကွယ်ရန် နိုင်ငံတကာ၏ ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အတွက် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းပါဝင်မှု အရေးကြီးကြောင်းလည်း ပြောဆိုထားပါတယ်။

#ကုလသမဂ္ဂ#မြန်မာ့အရေး#ကလေးသူငယ်အခွင့်အရေး#စစ်အာဏာရှင်ဆန့်ကျင်ရေး