မတ် ၇

The Kaladan Post

 

မြောက်ကိုရီးယားနိုင်ငံ၏ ရေတပ်အတွက် တည်ဆောက်ထားသော ဖျက်သင်္ဘောအသစ်ပေါ်မှ ဒုံးကျည် လက်တွေ့စမ်းသပ်ပစ်ခတ်မှုကို နိုင်ငံခေါင်းဆောင် Kim Jong Un ကိုယ်တိုင် သွားရောက်ကြည့်ရှုကာ ကွပ်ကဲခဲ့ကြောင်း အစိုးရပိုင် Korean Central News Agency (KCNA) က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

KCNA ၏ အဆိုအရ ကင်မ်ဂျုံအွန်းသည် မတ်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် နိုင်ငံအနောက်ပိုင်းရှိ Nampo Shipyard သို့ သွားရောက်ခဲ့ပြီး ရေတပ်သို့ တာဝန်ထမ်းဆောင်ရန် အဆင်သင့်ဖြစ်စေရန် နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေသည့် ဖျက်သင်္ဘောအသစ်၏ စမ်းသပ်လှုပ်ရှားမှုများကို နှစ်ရက်ဆက်တိုက် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် သင်္ဘောပေါ်မှ ဒုံးကျည် လက်တွေ့ပစ်ခတ်မှုတစ်ခုကိုလည်း ကိုယ်တိုင် ကွပ်ကဲခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖျက်သင်္ဘောသည် အမျိုးအစားတူ ရေယာဉ်များအနက် တတိယမြောက် ဖြစ်လာမည်ဖြစ်ပြီး သင်္ဘောအလေးချိန်မှာ တန်ချိန် ၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းအမျိုးအစားတွင် ပထမဆုံး ဖြစ်သည့် Choe Hyon-class destroyer ဖျက်သင်္ဘောကိုတော့ ၂၀၂၅ ခုနှစ် ဧပြီလတွင် တရားဝင် မိတ်ဆက်ခဲ့သည်။

ကင်မ်ဂျုံအွန်းက အဆိုပါ ဖျက်သင်္ဘောများတွင် ခေတ်မီဆုံး စစ်လက်နက်စနစ်များ တပ်ဆင်ထားပြီး နိုင်ငံ၏ လက်ဦးမှုယူ တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးမည့် အရေးပါသော စစ်အင်အားတိုးချဲ့မှုတစ်ခု ဖြစ်ကြောင်း ပြောကြားထားသည်။

KCNA ၏ အဆိုအရ ဖျက်သင်္ဘောအသစ်များတွင် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ခရုစ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များကိုပါ ပစ်ခတ်နိုင်သည့် စနစ်များ ပါဝင်ထားကြောင်း သိရသည်။

ယခင်နှစ် မေလတွင် အမျိုးအစားတူ ဒုတိယမြောက် ဖျက်သင်္ဘောတစ်စီးကို ရေချစဉ် အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့ပြီး သင်္ဘောသည် ရေချပွဲတွင်ပင် တိမ်းစောင်းသွားကာ ကိုယ်ထည်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုဖြစ်ရပ်အပေါ် ကင်မ်ဂျုံအွန်းက ပြင်းထန်စွာ မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အရေးကြီးတာဝန်များတွင် ပေါ့လျော့မှုဖြစ်ပွားခဲ့သည်ဟု ဆိုကာ တာဝန်ရှိသူများကို အရေးယူခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် အဆိုပါ Choe Hyon အဆင့် ဖျက်သင်္ဘော အနည်းဆုံး လေးစီး တည်ဆောက်ရန် စီမံကိန်း ချမှတ်ထားကြောင်း သိရသည်။

စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်များအရ မြောက်ကိုရီးယားသည် ယခင်က နျူကလီးယား စစ်လက်နက်များအပေါ် အလွန်အကျွံ အာရုံစိုက်ခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် ရေတပ်စွမ်းအားနှင့် သမားရိုးကျ စစ်လက်နက်နည်းပညာများကိုလည်း ပိုမို တိုးတက်အောင် ဆောင်ရွက်လာနေကြောင်း သိရသည်။

Source — NBC News / KCNA
Photo — KCNA