စက်တင် ၁၀၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူ့အခွင့်အရေး အကျပ်အတည်းများကြောင့် မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းတင်ပြရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် (Volker Türk) က တိုက်တွန်းလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မဟာမင်းကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် က မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းကိုပါ ဆိုးရွားစွာ သက်ရောက်နေပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို အားပေးရာရောက်နေသဖြင့် စစ်ဖက်နှင့် အရပ်ဖက် နှစ်မျိုးသုံး ပစ္စည်းများ၊ နည်းပညာ ဆော့ဖ်ဝဲများနှင့် စစ်လက်နက် ပစ္စည်းများကို မြန်မာစစ်အစိုးရထံ ပေးပို့နေမှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူထုအပေါ် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) နှစ်ဖွဲ့စလုံးက စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း မဟာမင်းကြီးက ထောက်ပြခဲ့ပါတယ်။ ထို့အပြင် လုံခြုံမှုမရှိသေးသည့် အခြေအနေများကြားတွင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းသည် ဒုက္ခသည်များအား အတင်းအဓမ္မ နေရပ်မပြန်ပို့ရေးဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်သည်ဟု သတိပေးခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း အာဂျင်တီးနား တရားရုံးတစ်ခုက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း အရာရှိ ၂၅ ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆန့်ကျင်သူများကို အကြမ်းဖက် နှိမ်နင်းခြင်းနှင့် နိုင်ငံတစ်ဝန်း စစ်ဆင်ရေးများ တိုးချဲ့လာခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဆိုးရွားလျက် ရှိပါတယ်။
Source – Thairath