ဇူလိုင် ၂၇၊ ၂၀၂၆
The Kaladan Post
အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ် (Bank Indonesia) ရဲ့ ဥက္ကဋ္ဌ ပယ်ရီဝါဂျီယို (Perry Warjiyo) ဟာ တနင်္လာနေ့မှာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်လိုက်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ဟာ ဝါဂျီယိုရဲ့ နုတ်ထွက်စာကို လက်ခံလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်အတွင်းဝန်ဝန်ကြီး Prasetyo Hadi က ဂျာကာတာ ဈေးကွက်မဖွင့်ခင် မနက်အစောပိုင်းမှာ သတင်းထောက်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။
ဥက္ကဋ္ဌ ဝါဂျီယိုရဲ့ နေရာမှာ ဗဟိုဘဏ်ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Destry Damayanti ကို ကြားဖြတ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဝါဂျီယိုဟာ ၎င်းရဲ့ “ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်” နဲ့ နုတ်ထွက်တာဖြစ်တယ်လို့ အစိုးရကို ပြီးခဲ့တဲ့ စနေနေ့ကတည်းက အသိပေးခဲ့တာ ဖြစ်ပေမဲ့ အသေးစိတ်ကိုတော့ ဝန်ကြီး Prasetyo က ရှင်းလင်းပြောကြားခြင်း မရှိသလို ဝါဂျီယိုထံကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။ ဒီသတင်း ထွက်ပေါ်လာပြီးနောက်မှာ အင်ဒိုနီးရှား ရူပီယာငွေတန်ဖိုးဟာ တစ်ဒေါ်လာကို ၁၇,၉၉၂ ရူပီယာအထိ ၀ ဒသမ ၃၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
စီးပွားရေးနှင့် ဥပဒေလေ့လာရေးစင်တာ (CELIOS) ရဲ့ ညွှန်ကြားရေးမှူး Bhima Yudhistira က “ပယ်ရီ နုတ်ထွက်သွားပြီးနောက်မှာ ကျွန်တော်တို့ စိုးရိမ်ရမှာက ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် အားနည်းသွားမှာကိုပါပဲ။ ငွေကြေးမူဝါဒတွေအပေါ် အစိုးရရဲ့ လွှမ်းမိုးမှုတွေ ရှိနေသရွေ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့ကတော့ မလွယ်ကူပါဘူး” လို့ သုံးသပ်ထားပါတယ်။ ဝါဂျီယိုဟာ ၂၀၁၈ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ် စတင်ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ဒုတိယအကြိမ် ၅ နှစ်သက်တမ်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှားဗဟိုဘဏ်ဟာ သမ္မတ ပရာဘိုဝိုရဲ့ စီးပွားရေးတိုးတက်မှု စီမံကိန်းတွေကို ဝိုင်းဝန်းကူညီဖို့ ဖိအားပေးခံနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း အင်ဒိုနီးရှားလွှတ်တော်က ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍကို အစိုးရရဲ့ စီးပွားရေးရည်မှန်းချက်တွေနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ဖို့ ဥပဒေသစ်တစ်ရပ် အတည်ပြုခဲ့ပါသေးတယ်။ [Moody’s] နဲ့ [Fitch] တို့လို နိုင်ငံတကာ အဆင့်သတ်မှတ်ရေး အေဂျင်စီတွေကလည်း ဗဟိုဘဏ်ရဲ့ မူဝါဒအပြောင်းအလဲတွေအပေါ် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အခုအခါမှာတော့ သမ္မတ ပရာဘိုဝိုအနေနဲ့ ဥက္ကဋ္ဌအသစ်အဖြစ် ဘယ်သူ့ကို အဆိုပြုမလဲဆိုတာကို ဈေးကွက်က စောင့်ကြည့်နေကြပြီး အဆိုပြုသူဟာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာဖြစ်ကြောင်း သိရပါတယ်။
သတင်း Source: Reuters