ဩဂုတ် ၁၈၊ ၂၀၂၆
The Kaladan Post
အမေရိကန်နှင့် စစ်ပွဲ အမြဲတမ်း အဆုံးသတ်ရေး ဆွေးနွေးပွဲများ လမ်းစပျောက်နေသဖြင့် မိမိတို့၏ စစ်ရေး ရပ်တည်ချက်ကို “အပြည့်အဝ ထိုးစစ်ဆင်သည့်” (fully offensive) ပုံစံသို့ ပြောင်းလဲတော့မည်ဟု အီရန်က သတိပေးလိုက်ပြီး အမေရိကန် သမ္မတ ထရမ့် ကလည်း ယာယီ အပစ်ရပ်စဲရေးကို သက်တမ်းတိုးရန် ငြင်းဆန်လိုက်ပါတယ်။
ဇွန်လ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး နားလည်မှု စာချွန်လွှာ၏ ရက် ၆၀ သက်တမ်းမှာ တနက်လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် ကုန်ဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အီရန် အထက်တန်းအရာရှိတစ်ဦးက “အီရန် အဖွဲ့အစည်းတွေအနေနဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း တင်းမာမှုတွေကို တိုးမြှင့်ဖို့ ပြင်ဆင်ထားကြရပါမယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်က အီရန်နှင့် ဟော်မုဇ်ရေလက်ကြားအရေး ဆွေးနွေးနေသည့် ဩမန်နိုင်ငံအား “အကယ်၍ ဩမန်က ကြားက ပိတ်ဆို့လာရင် သူတို့ကို ဗုံးကြဲ ပစ်လိုက်မယ်” ဟု သတိပေးခဲ့ပါတယ်။ သို့သော် အမေရိကန်နှင့် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) တို့ကြား နောက်ကွယ်မှ သံတမန် ဆွေးနွေးမှုများ ရှိနေကြောင်း သတင်းများက ဖော်ပြကြပါတယ်။
စစ်ပွဲ ငြိမ်းအေးရေး မရေရာမှုများကြောင့် ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းမှာ ၁ ဘာရယ်လျှင် ၉၀.၈၇ ဒေါ်လာအထိ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်တွင်လည်း ဓာတ်ဆီ စျေးနှုန်းများမှာ တစ်ဂါလန်လျှင် ၄ ဒေါ်လာအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
Source – Reuters