ဇွန် ၃၀၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်နဲ့ အီရန်တို့ရဲ့ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီသီတင်းပတ်အတွင်း ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့ကို သွားရောက်ဖို့ရှိနေပေမယ့်၊ နှစ်ဖက်ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ အီရန်ဘက်က တနင်္လာနေ့ (ဇွန်လ ၂၉ ရက်) မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက နှစ်ဖက်စလုံးက ဒုံးကျည်နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာကြောင့် လေးလကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အစမ်းသပ်ခံနေရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့ရဲ့သမက် ဂျရတ် ကွတ်ရှ်နာ (Jared Kushner) နဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ် (Steve Witkoff) တို့ကို စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်တွေအဖြစ် စေလွှတ်မယ်လို့ အိမ်ဖြူတော်က ကြေညာထားပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ (Esmaeil Baghaei) ကတော့ အီရန်နည်းပညာအဖွဲ့ ကာတာကို သွားရောက်တာဟာ အမေရိကန်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ သူက “လာမယ့်ရက်တွေအတွင်းမှာ အမေရိကန်ဘက်က ဘယ်အဆင့်နဲ့မှ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ပါဘူး။” လို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

အီရန်အရာရှိတစ်ဦးရဲ့ အဆိုအရ ကြားဝင်စေ့စပ်ပေးတဲ့ ကာတာနဲ့ ပါကစ္စတန် ကိုယ်စားလှယ်တွေကနေတစ်ဆင့် အမေရိကန်နဲ့ အီရန် နည်းပညာအဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

သမ္မတ ထရမ့် ကတော့ ဒိုဟာဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး “ဒိုဟာက တွေ့ဆုံပွဲဟာ အရေးကြီးကောင်း ကြီးနိုင်သလို၊ မကြီးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ စစ်ရေးအရ အနိုင်ရနေတယ်လို့ ပြောဆိုခဲ့ပြီး အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို ရပ်တန့်ရမယ်ဆိုတဲ့ သူ့ရဲ့ ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

မကြာသေးမီက အမေရိကန်က အီရန်ဟာ ကုန်တင်သင်္ဘော အနည်းဆုံး နှစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြီး အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် အီရန်ကလည်း တနင်္ဂနွေနေ့အစောပိုင်းမှာ ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ဇွန်လ ၁၇ ရက်က သဘောတူထားတဲ့ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာ (MoU) ရဲ့ ခိုင်မာမှုအပေါ် သံသယဖြစ်စရာ ဖြစ်လာပါတယ်။ အဆိုပါ သဘောတူညီချက်အရ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမှာဖြစ်ပြီး ကာတာမှာ အေးခဲခံထားရတဲ့ ရန်ပုံငွေ ဒေါ်လာ ၁၂ ဘီလီယံထဲက ၆ ဘီလီယံကို အီရန်ထံ ပြန်ပေးဖို့လည်း ပါဝင်ပါတယ်။ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကတော့ ဒီသဘောတူညီချက်ဟာ အီရန်ပြည်သူတွေအတွက် “ကြီးမားတဲ့ အောင်ပွဲတစ်ခု” ဖြစ်တယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာတော့ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချပ်ခ် ရှူးမား (Chuck Schumer) က “အမေရိကန်ကို ကုန်ကျစရိတ်ကြီးမားတဲ့ စစ်ပွဲထဲ ဆွဲသွင်းပြီးနောက်မှာတောင် ထရမ့်အစိုးရဟာ အမေရိကန်ပြည်သူတွေအတွက် ဘာအကျိုးအမြတ် ပြန်ရသလဲဆိုတာကို တစ်ခုမှ ထောက်ပြနိုင်ခြင်း မရှိပါဘူး။ အဲဒီအစား အီရန်က ရေနံဝင်ငွေ ဘီလီယံနဲ့ချီ ပြန်ရမယ့်အပြင် ဟော်မုဇ်ရေလက်ကြားမှာလည်း အန္တရာယ်ကြီးတဲ့ သြဇာလွှမ်းမိုးခွင့် ဆက်ရနေဦးမယ်ဆိုတာကို ဝန်ကြီး ရူဘီယို က ကျွန်တော့်ကို အတည်ပြုပေးခဲ့ပါတယ်။” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

သတင်း Source: Reuters