ဇွန် ၃၀၊ ၂၀၂၆
The Kaladan Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကနေ နှင်ထုတ်ခံရပြီး အာဖရိကတိုက်၊ ဂါနာ (Ghana) နိုင်ငံကို ပို့ဆောင်ခံခဲ့ရသူတွေ ကိုယ်စား လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေက ဂါနာအစိုးရကို အနောက်အာဖရိက စီးပွားရေးအသိုက်အဝန်း (ECOWAS) ရဲ့ ဒေသတွင်းတရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထရမ့်အစိုးရရဲ့ “တရားမဝင် အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို အဆုံးသတ်ပြီး အမေရိကန်ရဲ့ နယ်စပ်လုံခြုံရေးကို အားကောင်းစေရန်” ဆိုတဲ့ မဟာဗျူဟာအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကစလို့ အနည်းဆုံး လူပေါင်း ၆၀ ခန့်ကို ဂါနာနိုင်ငံကို ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ အခုတရားစွဲဆိုမှုကိုတော့ အဲဒီထဲက နှင်ထုတ်ခံရသူ ၂၇ ဦးကိုယ်စား တိုင်ကြားစာ (Application for a case) တင်သွင်းခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တိုင်ကြားစာအရ နှင်ထုတ်ခံရသူတွေဟာ အမေရိကန်မှာ ခိုလှုံခွင့် (Protections) ရရှိထားသူတွေဖြစ်တယ်လို့ ဂါနာအာဏာပိုင်တွေကို ပြောပြခဲ့ပေမယ့်၊ အာဏာပိုင်တွေက သူတို့ကို ဂါနာကိုရောက်ပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်းမှာပဲ သူတို့ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ မူလနိုင်ငံတွေဆီကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့ဆိုရင် ခရီးဆက်ဖို့ ငွေကြေးမရှိတော့တဲ့အတွက် တတိယနိုင်ငံတွေမှာ သောင်တင်နေကြရပါတယ်။
နှင်ထုတ်ခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် ဥပဒေရေးရာကောင်စီ (Global Strategic Litigation Council) ရဲ့ ရှေ့နေ ဘီထရစ်စ် ဂျာရီ (Beatrice Njeri) က “ဒီလို တရားစွဲဆိုရတာဟာ အခြား ECOWAS အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ထရမ့်အစိုးရနဲ့ အခုလို သဘောတူညီချက်မျိုး မလုပ်မိစေဖို့ ဟန့်တားလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။” လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုလို နှင်ထုတ်ခံခဲ့ရသူ တစ်ဦးချင်းစီအတွက် ဂါနာအစိုးရဆီကနေ နစ်နာကြေး အမေရိကန်ဒေါ်လာ တစ်သိန်း အနည်းဆုံးရရှိဖို့နဲ့ အခြားလျော်ကြေးတွေရရှိဖို့ တောင်းဆိုထားတယ်လို့လည်း သူမက ဆိုပါတယ်။
လက်ရှိမှာ နှင်ထုတ်ခံရသူတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရတာကြောင့် နေရပ်မှာပဲဖြစ်ဖြစ်၊ တတိယနိုင်ငံတွေမှာပဲဖြစ်ဖြစ် ပုန်းအောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် ရိုက်တာသတင်းဌာနအနေနဲ့ သူတို့ကို တိုက်ရိုက်အင်တာဗျူးခွင့် ဒါမှမဟုတ် မျက်မြင်သက်သေထွက်ဆိုချက်တွေကို ကြည့်ရှုခွင့် မရသေးပါဘူး။ အလားတူ ECOWAS နဲ့ ဂါနာအစိုးရ ပြောရေးဆိုခွင့်ရှိသူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဒီမိုကရက်အမတ်တွေရဲ့ အစီရင်ခံစာအရ၊ ဒီလို တတိယနိုင်ငံတွေကို ပြည်နှင်ဒဏ်ပေးပို့တဲ့ စီမံကိန်းအတွက် စုစုပေါင်း ကုန်ကျစရိတ်ကို အတိအကျ မသိရသေးပေမယ့်၊ နိုင်ငံ ၅ နိုင်ငံကို ဒေါ်လာ ၃၂ သန်းကျော် တိုက်ရိုက်ပေးပို့ထားပြီး အဲဒီအထဲက အီကွေတိုရီရယ် ဂီနီ (Equatorial Guinea) နိုင်ငံကို ဒေါ်လာ ၇.၅ သန်း ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။
အခု တရားစွဲဆိုမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂါနာအစိုးရအနေနဲ့ ထရမ့်အစိုးရနဲ့ လုပ်ထားတဲ့ သဘောတူညီချက် အသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ဖို့နဲ့၊ နောက်နောင်မှာ ဒီလိုအစီအစဉ်နဲ့ နှင်ထုတ်ခံရသူတွေကို ဂါနာနိုင်ငံက ထပ်မံလက်ခံတာမျိုးမလုပ်ဖို့ တားဆီးချင်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
သတင်း Source: Reuters