စက်တင် ၁၀၊ ၂၀၂၆
The Kaladan Post
အိန္ဒိယနှင့် တရုတ် တပ်မတော်တို့သည် နယ်စပ်ဒေသ တင်းမာမှုများကို လျှော့ချရန်အတွက် အာရူနာချယ်ပရာဒေးရှ် ကဏ္ဍတွင် ပထမဆုံးအကြိမ် အဆင့်မြင့် စစ်ဘက်ဆွေးနွေးပွဲကို စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့၌ ၂ ရက်ကြာ ကျင်းပခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲများကို နှစ်နိုင်ငံအကြား တကယ့်ထိန်းချုပ်မျဉ်း (LAC) ၏ တစ်ဖက်တစ်ချက်စီရှိ အိန္ဒိယနိုင်ငံ ဝါချာ (Wacha) နှင့် တရုတ်နိုင်ငံ ဒါမိုင်း (Damai) တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျိုင်ဆဝါလ် (Randhir Jaiswal) က အတည်ပြု ပြောကြားခဲ့ပါတယ်။ ယခု ဆွေးနွေးပွဲသည် ပြီးခဲ့သည့်လက ပီကင်းမြို့၌ ပြုလုပ်ခဲ့သော နှစ်နိုင်ငံ အထူးကိုယ်စားလှယ်များ အစည်းအဝေး သဘောတူညီချက်အရ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ ဂျိုင်ဆဝါလ် က “နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ဖြစ်လာဖို့ဆိုတာ နယ်စပ်တစ်လျှောက် နှစ်ဖက်စလုံးက တည်ငြိမ်အေးချမ်းမှုကို သေချာစေခြင်းရဲ့ တိုက်ရိုက်ရလဒ် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ အာရူနာချယ်ပရာဒေးရှ် ပြည်နယ် အထက်ဆူဘန်စီရီ (Upper Subansiri) ဒေသတွင် တရုတ်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာနေသည့် နယ်စပ်အခြေအနေများကိုလည်း အဆိုပါ အစည်းအဝေးများတွင် နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြပါတယ်။
ယခု ဆွေးနွေးပွဲသည် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ဘရစ်ခ်စ် (BRICS) ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်ရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေပါတယ်။ ၂၀၂၀ ခုနှစ် ဂယ်လ်ဝမ် (Galwan) လျှိုဝှမ်းတွင် အကြမ်းဖက် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆက်ဆံရေး တင်းမာခဲ့ရသည့် ကီလိုမီတာ ၃,၄၈၈ ရှည်လျားသော နယ်စပ်တစ်လျှောက် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရာတွင် ယခု ဆွေးနွေးမှုသည် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာလ် (Ajit Doval) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) တို့သည် နယ်စပ် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ၂၀၀၃ ခုနှစ်ကတည်းက အထူးကိုယ်စားလှယ်များ ဆွေးနွေးရေး မူဘောင်ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။
Source – India News Network