မိတ္ထီလာတွင် စစ်တပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ဇူလိုင်အတွင်း စစ်သား ၉၀ ဦး အလင်းဝင်

ဩဂုတ် ၉
The Kaladan Post
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရေချိုရွာမရှိ စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၃၀ ရက်ညက Taung Tha People Defense Force က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။ အလားတူ မြင်းခြံမြို့နယ်မှာလည်း ဩဂုတ် ၈ ရက်က ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ပိုင်း ပျူစောထီးတစ်ဦးက G-3 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည် ၂၀၀ တို့ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။
လက်ရှိ ပြည်သူ့ပန်းတိုင်၏ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၉၀ ဦးဟာ အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ၉၀ ဦးထဲမှာ အလင်းဝင်ပူးပေါင်းလာသူ ၄၅ ဦး၊ လက်နက်ချသူ ၁၀ ဦးနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၃၅ ဦး ပါဝင်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အလင်းဝင်ပူးပေါင်းလာသူ ၄၅ ဦးထဲမှာ စစ်သား ၄၀ ဦးနဲ့ ပြည်သူ့စစ် ၅ ဦး ပါဝင်ပြီး စစ်သား ၄၀ ဦးအနက် ၃၇ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ စုစုပေါင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းဖြစ်သူ ၃,၇၆၈ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
#မိတ္ထီလာ #မြင်းခြံ #ပြည်သူ့ပန်းတိုင် #အလင်းဝင် #MyanmarNews


တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ရပ်တည်တိုက်ပွဲဝင်မည်ဟု KBDF ထုတ်ပြန်

ဩဂုတ် ၉
The Kaladan Post
ကံပေါက်ဒေသမှ တော်လှန်လူငယ်များနှင့် နိုင်ငံရေးတက်ကြွလူငယ်များ စုစည်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ် လ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) သည် ယနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း KBDF က အသိပေးလာပါတယ်။ Local-PDF အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် KBDF ဟာ လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်တွေအတိုင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်က အမှတ် (၈၀၀၂) တပ်ရင်းအဖြစ် တာဝန်ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။
၅ နှစ်တာကာလအတွင်း မဟာမိတ်ညီနောင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးထောက်တိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို တပ်ဖွဲ့ဝင်တွေအနေနဲ့ အမိန့်နာခံမှု၊ စည်းကမ်းပိုင်းနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ကောင်းမွန်လာစေဖို့ လိုအပ်တဲ့ သင်တန်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တည်ဆောက်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တော်လှန်ရေးအောင်မြင်တဲ့အထိ ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။ KBDF အနေနဲ့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းရဲဘော်တွေရဲ့ စွန့်လွှတ်မှုကို တိုင်တည်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းကာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်နဲ့ စည်းစိမ်ကို ကာကွယ်သွားမယ်ဖြစ်ပြီး ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာတဲ့အထိ ဆက်လက်ရပ်တည်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

#KBDF #ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #တော်လှန်ရေး #ဖက်ဒရယ်ဒီမိုကရေစီ

ရေဖြူတွင် စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဩဂုတ် ၉
The Kaladan Post
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၈ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းဘက်က ပြောပါတယ်။ အဆိုပါ တိုက်ခိုက် မှုကို ကျွဲတလင်းကျေးရွာကနေ ရာဖူးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ရေးဘီလူးတပ်ရင်းနဲ့ KNLA တပ်ရင်း (၂၇) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပြီး မိုင်းကွင်းတွေ ဖော်ဆောင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ အဆိုပါဒေသနဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။ ကျောက္ကာကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး သမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားဝင်းအတွင်း တပ်စွဲခဲ့ပြီးနောက် စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျောက္ကာတောင်၊ ကျောက္ကာမြောက်နဲ့ အနီးပတ်ဝန်းကျင်တွေမှာ တိုက်မိုင်း၊ နင်းမိုင်းနဲ့ မိုင်းကွင်းတွေ ရှိနေတယ်လို့ ဆိုပြီး ထနောင်းဝင်း–ကျောက္ကာ–ရေနံကုန်း လမ်းပိုင်းကိုလည်း အကန့်အသတ်မရှိ ပိတ်ထားကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါ လမ်းပိုင်းအတွင်း မိုင်းအန္တရာယ်ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ သတိပေးချက်ကို လိုက်နာပြီး မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ သက်ဆိုင်ရာအဖွဲ့က ထပ်မံအသိပေးထားပါတယ်။
#ရေဖြူ #မုံရွာ #တနင်္သာရီသတင်း #စစ်ကိုင်းသတင်း #MyanmarNews

နမ္မတူတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ လက်ဝယ်ထားသူတစ်ဦး ဖမ်းဆီးရမိ

ဩဂုတ် ၉
The Kaladan Post
တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာမှာ ဩဂုတ် ၇ ရက်ညက မူးယစ်ဆေးဝါး ရောင်းဝယ်မှု သတင်းအရ ရဲတပ်ဖွဲ့နဲ့ မူးယစ်အထူးတပ်ဖွဲ့တို့ ဝင်ရောက်စစ်ဆေးရာ အမျိုးသားတစ်ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းပြည်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူထံက ယာမစိတ်ကြွဆေးပြား ၃၇၀ ပြားအပြင် ဘိန်းနှင့်ဆက်စပ်ပစ္စည်းတွေ၊ ကျည်မျိုးစုံ ၇၇၉ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ RPG ပို့ကျည် ၈ ခုနဲ့ ပစ္စတို၊ ခြောက်လုံးပြူးသေနတ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်းဖောက်ခွဲရာမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေနဲ့ ကျည်အိမ်မျိုးစုံ၊ စကားပြောစက်တို့ကိုလည်း နေအိမ်အတွင်းကနေ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ဖမ်းဆီးရမိသူကို တအာင်းပြည်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ လက်နက်ဥပဒေတို့အရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
#တအာင်းပြည် #နမ္မတူ #မူးယစ်ဆေးဝါး #လက်နက်ခဲယမ်း #MyanmarNews

စစ်ကိုင်းတိုင်း စစ်ဘေးသင့်မြို့နယ် ၉ ခုတွင် စစ်ဘေးနှင့် ရေဘေး နှစ်မျိုးလုံးကို ဒေသခံများ ရင်ဆိုင်

ဩဂုတ် ၉
The Kaladan Post
စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ ရေဦးနဲ့ ကောလင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးနဲ့ ရေဘေးနှစ်မျိုးလုံးကို ဒေသခံတွေ ရင်ဆိုင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဩဂုတ် ၅ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မူးမြစ်၊ မြစ်လက်တက်တွေ၊ ဆည်နဲ့ တူးမြောင်းတွေထဲ ရေဝင်ရောက်မှုများပြားလာပြီး ဆည်နဲ့ မူးဘောင်အချို့ ကျိုးပေါက်တာတွေ ကြောင့် မြစ်ကမ်းတစ်လျှောက် ကျေးရွာတွေမှာ ရေကြီးမှု ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။
ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်တွေမှာ ကျေးရွာ ၆၀ ကျော် ရေဘေးသင့်နေပြီး ရေဦးမြို့နယ်မှာ လည်း ကျေးရွာ ၂၀ ကျော် ရေကြီးနစ်မြုပ်ကာ လယ်ယာမြေ၊ လူနေအိမ်နဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံအဖွဲ့တွေက ဆိုပါတယ်။ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်တွေမှာလည်း ကျေးရွာ ၃၆ ရွာထက်မနည်း ရေဝင်နစ်မြုပ်ခဲ့ပြီး ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို အခြေခံစားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ် လို့ သိရပါတယ်။
ကောလင်းမြို့နယ်မှာ ကားလမ်းနဲ့ တံတားတွေ ရေနစ်မြုပ်နေပြီး အရေးပေါ်ကိစ္စမှအပ ခရီးသွားလာမှု ရှောင်ကြဉ်ဖို့ သတိပေးထားသလို ရေကြီးမှုတွေကြောင့် ကန့်ဘလူ၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ ဒေသခံ ၉ ဦးအထိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ မိုးဆက်လက်ရွာသွန်းနေပြီး ဆည်တွေထဲက ရေတွေကို ဆက်လက်လျှော့ချနေရတာကြောင့် ရေဘေးအန္တရာယ် ထပ်မံမြင့်တက် လာနိုင်တဲ့အတွက် ဒေသကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးချက်တွေ ထုတ်ပြန်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
#စစ်ကိုင်းတိုင်း #ရေကြီးရေလျှံမှု #ရေဘေး #စစ်ဘေးရှောင် #MyanmarNews

သာပေါင်းတွင် စစ်တပ်စခန်းအချို့ AA နှင့် ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ဩဂုတ် ၉
The Kaladan Post
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် သဲဖြူနဲ့ သာပေါင်းလေးကျေးရွာအနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများပြားကာ စခန်းကုန်း အချို့လည်း သိမ်းပိုက်ခံရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ်လဆန်းပိုင်းက AA ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို စစ်တပ်က တိုးဝင်လာရာကနေ တန်ပြန်တိုက်ခိုက်ခံရပြီး ဩဂုတ် ၅ ရက်မှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ အသုံးပြုခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း AA ဘက်က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဘက်က အင်အားနဲ့ ခဲယမ်းရိက္ခာဖြည့်တင်းဖို့ ကွန်မန်ဒိုအင်အား ၅၀ ခန့် ထပ်မံပို့ဆောင်ခဲ့ပေမယ့် ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ပြီး ဒဏ်ရာရသူအချို့ကို ကားတွေနဲ့ ပုသိမ်ဘက်သို့ သယ်ဆောင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
#သာပေါင်း #အာရက္ခတပ်တော် #AA #ဧရာဝတီတိုင်း #MyanmarNews