စက်တင် ၃၊ ၂၀၂၆

The Kaladan Post

ပြည်ထောင်စုအဆင့်ပါတီ ၆ ခုနှင့် တိုင်းရင်းသားပါတီ ၉ ခုတို့မှ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦး ပါဝင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယအောက်လွှတ်တော် (Lok Sabha) ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း တက်ရောက်ရန် စက်တင်ဘာလ ၁ ရက်မှ ၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်လျက် ရှိကြောင်း သိရပါတယ်။

ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေး သားကူးရ် (Abhay Thakur) နှင့် တွေ့ဆုံခဲ့ကြရာ သံအမတ်ကြီးက “ဒီကိုယ်စားလှယ်အဖွဲ့မှာ USDP၊ KSPP၊ NUP၊ SNDP၊ PP နဲ့ PPP အပါအဝင် နိုင်ငံရေးပါတီ ၁၅ ပါတီအပြင် နာဂ၊ ပအိုဝ်း၊ ကရင်၊ ဓနု၊ အင်းသား၊ ရခိုင်၊ ဇိုမီး၊ ဝ နဲ့ ကယား ပါတီတွေ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ၎င်းက ယခု ခရီးစဉ်သည် အိန္ဒိယနှင့် နီးကပ်သော ဆက်ဆံရေး ထိန်းသိမ်းရန် မြန်မာလွှတ်တော်အတွင်း သဘောတူညီချက် ရှိသည်ကို ပြသနေသည်ဟု ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအပြီး ပေါ်ပေါက်လာသော လွှတ်တော်သစ်၏ ပထမဆုံးနှစ်အတွင်း ယခု ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ယခင်ကလည်း ၂၀၁၁ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော အဖွဲ့နှင့် ၂၀၂၂ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးပါ အဖွဲ့တို့ အိန္ဒိယနိုင်ငံသို့ သွားရောက် လေ့လာခဲ့ဖူးကြောင်း သိရပါတယ်။

Source – IANS