ရွှေကူဘက်တွင် KIA သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီ ရေယာဉ်တစ်စီး မီးရှို့ဖျက်ဆီး

စက်တင် ၂
The Kaladan Post
ဩဂုတ်လနှောင်းပိုင်းက ရွှေကူမြို့ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ စစ်ရေယာဉ်အုပ်စုကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး သိမ်းဆည်းခဲ့တဲ့ စစ်သင်္ဘောတစ်စီးကို စက်တင်ဘာလ ၁ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း ရွှေကူမြို့မှာ ဆိုက်ကပ်နေတဲ့ စစ်ရေယာဉ်တွေ ဗန်းမော်ဘက်ကို ဆန်တက်နိုင်ရေး အတွက် စစ်ကောင်စီက လေယာဉ်တွေနဲ့ မြစ်ကြောင်းတစ်လျှောက် ဗုံးကြဲပြီး လမ်းကြောင်းရှင်းလင်း နေကြောင်း သိရပါတယ်။ စစ်ရေယာဉ်တွေ ဆက်လက်ရွေ့လျားနိုင်ဖို့ စက်တင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ မနက်ပိုင်းတွေမှာ ဇင်းဘုံနဲ့ စင်းခမ်းဘက်တဝိုက်ကို Y-12 လေယာဉ်တွေနဲ့ ဂျက်တိုက် လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ရွှေကူကနေ ဗန်းမော်ဘက်ကို စစ်ရေယာဉ်တွေ ဆက်လက်ဆန်တက်ဖို့ ကြိုးပမ်းနေသလို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း မြစ်ကြောင်းနဲ့ မြေပြင်လှုပ်ရှားမှုတွေကို ဆက်လက်ဟန့်တားနေတဲ့အတွက် ဇင်းဘုံနဲ့ ဗန်းမော်အကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပါတယ်။
#thekaladanpost #ရွှေကူ #ဇင်းဘုံ #KIA #ဗန်းမော် #MyanmarNews


ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်ရေယာဉ် ဇင်းဘုံအနီး တိုက်ခိုက်ခံရပြီး ၃ စီး မီးလောင်ပျက်စီး

စက်တင် ၂
The Kaladan Post
ဒီနေ့ စက်တင်ဘာ ၂ ရက် မနက်အစောပိုင်းမှာ ရွှေကူမြို့မှ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်ရေယာဉ်အုပ်စုကို ဇင်းဘုံအနီးမှာ KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြး စစ်သင်္ဘော အကြီး အသေး ပေါင်း ( ၃ ) စီး ထက်နည်း မီးလောင်ပျက်စီးသွားတယ်လို့ ကချင် စစ်ရေးသတင်းရင်း မြစ်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ် ၂ စီးကတော့ တံတားကို ကျော်ဖြတ်ပြီး အထက်ဘက်ကို ဆက်လက်ရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ရေယာဉ်အုပ်စုဟာ ဩဂုတ်လ ၂၇ ရက်နေ့က ရွှေကူမြို့ကို ရောက်ရှိလာပြီး ဗန်းမော်မြို့ဘက် စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ဆန်တက်လာတာဖြစ်ပြီး KIA နဲ့ PDF ပူးပေါင်း တပ်တွေက လမ်းကြောင်းတစ်လျှောက် ဆက်လက်တိုက်ခိုက်နေကြောင်း သိရပါတယ်။
ထို့အပြင် ဩဂုတ်လနှောင်းပိုင်းက ထိခိုက်ပြီး မောင်းနှင်မရတော့တဲ့ စစ်သင်္ဘောတစ်စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ပြီး စက်တင်ဘာ ၁ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
#thekaladanpost #ရွှေကူ #ဇင်းဘုံ #KIA #KPDF #ဗန်းမော်

တစ်ခုတည်းသော ကရင်ပြည်နယ်တပ်မတော် ပေါ်ပေါက်ရေး ဆက်လက်ကြိုးပမ်းမည်ဟု KNDF ဆို

စက်တင် ၂
The Kaladan Post
ကရင်နီပြည်နယ်အတွင်း ပြည်သူလူထုကိုယ်တိုင် စတင်တည်ဆောက်တဲ့ Bottom-Up Federalism ဖက်ဒရယ်စနစ်နဲ့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာရှိတဲ့ ပြည်နယ်တပ်မတော်တစ်ရပ် ပေါ်ပေါက်လာရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNDF က အသိပေးထားပါတယ်။ ဒီရည်မှန်းချက်တွေကို KNDF ရဲ့ ပထမအကြိမ် ညီလာခံအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး ညီလာခံကို ဗဟိုကော်မတီ၊ စစ်ဒေသ၊ ဌာနနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ကိုယ်စားလှယ် စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး စည်းလုံးညီညွတ်တဲ့ ပြည်နယ်အစိုးရနဲ့ တစ်စည်းတစ်လုံးတည်းသော ပြည်နယ်တပ်မတော် တည်ဆောက်သွားမယ်လို့ KNDF ဆိုပါတယ်။ လက်ရှိမှာ KSCC၊ IEC တို့နဲ့ ပြည်နယ်အဆင့် ပူးပေါင်းဆောင်ရွက်နေသလို ပြည်ထောင်စုအဆင့်မှာ NUG၊ NUCC၊ SCEF နဲ့ SRA တို့နဲ့လည်း ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ နိုင်ငံတကာစစ်ဥပဒေတွေကို လိုက်နာပြီး နိုင်ငံတကာရဲ့ စောင့်ကြည့် စစ်ဆေးမှုတွေကို ပွင့်လင်းစွာ လက်ခံသွားမှာဖြစ်သလို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။
#thekaladanpost #KNDF #ကရင်နီပြည် #ဖက်ဒရယ်ဒီမိုကရေစီ #BottomUpFederalism

ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ် ၂ စီး အလံဖြူထောင်ပြီး စစ်သား ၁၀၀ ကျော် အလင်းဝင်

စက်တင် ၂
The Kaladan Post
ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်မြို့ဘက်ကို စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်း ပိုဆောင်ရန် ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြစ်ကြောင်း တစ်လျှောက် နေရာအလိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက် ၄ နာရီ ၂၀ မိနစ်ခန့်မှာ စတင်ထွက်ခွာလာတဲ့ အဲဒီရေယာဉ်အုပ်စုဟာ ဇင်းဘုံကျေးရွာအနီး ရောက်ရှိချိန်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး စစ်ရေယာဉ်တစ်စီး စစ်သားတွေနဲ့အတူ နစ်မြုပ်သွားကြောင်း သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စင်းခန်းဒေသအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နောက်ထပ် စစ်ရေယာဉ်တချို့ ထိခိုက်ပျက်စီးတာ၊ မီးလောင်တာတွေ ဖြစ်ခဲ့သလို ရေယာဉ်ပေါ်ပါ စစ်သားတချို့ လည်း ရေထဲခုန်ချပြီး ထွက်ပြေးဖို့ ကြိုးပမ်းသူတွေလည်းရှိကြောင်း ကချင်သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ရေယာဥ်ဟာ KIA-PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကိုဆက်လက်ခံရတာ ကြောင့် ရှေ့ဆက်မသွားနိုင်တော့တဲ့ စစ်ရေယာဉ် ၂ စီးဟာ မြစ်ကမ်းဘေးကို ကပ်ရပ်ပြီး အလံဖြူ ထောင်ကြပြီး စစ်တပ်ရေယာဉ်တွေပေါ်မှ စစ်သား ၁၀၀ ကျော် အလင်းဝင်လာတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ဗန်းမော်မြို့အတွင်းရှိ တပ်ဖွဲ့တွေ အတွက် စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ရေယာဉ်အုပ်စုဟာ KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေကြောင်း သိရပါတယ်။
#thekaladanpost #KIA #PDF#ဗန်းမော် #ရွှေကူ #ကချင်ပြည်နယ်


ဆောမြို့နယ် သီးကုန်းရွာမှာ စစ်အုပ်စု ၃ ရက်ကြာအထိ တပ်စွဲ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

စက်တင် ၂
The Kaladan Post
ဆောမြို့နယ် သီးကုန်းရွာကို ဩဂုတ် ၃၀ ရက်က အင်အား ၁၂၀ ခန့်ဖြင့် ဝင်ရောက်လာတဲ့ စစ်တပ်ဟာ အခု စက်တင်ဘာ ၂ ရက်အထိ ရွာထဲမှာ ဆက်လက်တပ်စွဲနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ က ပြောပါတယ်။ ဝင်ရောက်လာချိန်မှာ ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးထားခဲ့ပြီး လက်ရှိ အချိန်အထိ ဖမ်းဆီးခံထားရသူတွေထဲက ဘယ်သူမှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရပါတယ်။
ထို့ပြင် ဒီနေ့မနက်ပိုင်းမှာလည်း ဆောမြို့ပေါ်မှာ စစ်အုပ်စုတပ်သားတွေ အများအပြား သွားလာလှုပ်ရှား နေတာတွေ့ရပြီး ရင်းခေါ်နဲ့ မင်းလယ်ကျေးရွာဘက်ကို စစ်သားတွေ ထပ်မံစေလွှတ်ထားတယ်လို့ သိရပါတယ်။ ရင်းခေါ်ရွာဘက်ကို ပို့လိုက်တဲ့အဖွဲ့မှာ စစ်အုပ်စုရဲ့ ဒရုန်းတပ်ဖွဲ့လည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပြီး အဲဒီကနေ သီးကုန်းဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ရင်းခေါ်နဲ့ မင်းလယ်ဘက်ကို စစ်အင်အားတွေ ထပ်မံဖြန့်ချထားပြီး ဆော–ရင်းခေါ်–မင်းလယ်–သီးကုန်း လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ခန့်မှန်းပါတယ်။
#thekaladanpost #ဆောမြို့နယ် #သီးကုန်းရွာ #ယောဒေသ #စစ်ရေးတင်းမာမှု

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေးမြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်

စက်တင် ၂
The Kaladan Post
စစ်ကိုင်းတိုင်း ကလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ဥပုသ်ချောင်းနဲ့ မင်္ဂလာဥယျာဉ်ချောင်းရေ တွေ မြင့်တက်ကာ မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေဝင်ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောဆိုထားပါတယ်။ ပင်လုံရပ်ကွက်၊ မင်္ဂလာဥယျာဉ်နဲ့ မြို့သာရပ်ကွက်ဘက်က မြေနိမ့်ပိုင်းနေရာတွေ မှာ ရေတွေတက်လာနေပြီး ဆိပ်ကမ်းသာတံတားနဲ့ မင်္ဂလာဥယျာဉ်–ညောင်ပင်သာ ဆက်သွယ်ထားတဲ့ တံတားတွေအထိ ရေထိလာကြောင်း သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ဇင်းကလင်းတံတားအောက်ခြေမှာလည်း ရေတိုက်စားမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နေတာကြောင့် တောင်ပိုင်းလမ်းကြောင်းကို လတ်တလော သွားလာအသုံးပြုခွင့် ပိတ်ထားရပါတယ်။ ကလေးမြို့အထွက် ဖောင်ကူးတံတားဘက်မှာလည်း မြစ်ရေမြင့်တက်လာနေပြီး မိုးဆက်လက်ရွာသွန်းနေတာကြောင့် ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကလေးမြို့နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့မှာလည်း ချောင်းရေမြင့်တက်ပြီး ကမ်းပါးတိုက်စားမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် Maranatha (AG) ဘုရားကျောင်းနဲ့ လူနေအိမ်တစ်လုံး ရေစီးနဲ့အတူ မျောပါပျက်စီးသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးဆက်ရွာနိုင်ပြီး ချောင်းရေ ထပ်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေကို ကြိုတင်ပြောင်းရွှေ့ကြဖို့ လိုအပ်နေသလို ရေထဲမျောပါသွားတဲ့ အမျိုးသမီးတစ်ဦးကိုလည်း အခုချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
#thekaladanpost #ကလေးမြို့ #ရေကြီးရေလျှံ #ခိုင်ကမ်း #မိုးသည်းထန် #ရေဘေးသတင်း