မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ OIC အဆို အတည်ပြုချက်ကို စစ်ကောင်စီ ကန့်ကွက်
ဇူလိုင် ၁၁
The Kaladan Post
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအပေါ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ OIC ၏ ဆုံးဖြတ်ချက်အဆိုကို မဲခွဲခြင်းမရှိဘဲ အတည်ပြုခဲ့ကြောင်း သိရပါတယ်။
အဆိုတွင် ရိုဟင်ဂျာများနှင့် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အရင်းအမြစ်ကို ထိရောက်စွာ ဖြေရှင်းပေးရန်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးကို အလေးထား တိုက်တွန်းထားကြောင်း သိရပါတယ်။
ဗြိတိန်အစိုးရကလည်း မြန်မာစစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အဓိကတာဝန်ရှိ ကြောင်း ပြောကြားကာ OIC ၏ ဆုံးဖြတ်ချက်အဆိုကို ကြိုဆိုထောက်ခံခဲ့ပါတယ်။
စစ်ကောင်စီကမူ အဆိုပါဆုံးဖြတ်ချက်များသည် တစ်ဖက်သတ်ဆန်ပြီး မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိကြောင်း ဆိုကာ ပယ်ချခဲ့သလို ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေး နှောင့်နှေးရခြင်းမှာ AA ၏ စစ်ရေးအခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
ထို့အပြင် စစ်ကောင်စီက OIC ၏ အဆိုကို ခြွင်းချက်မရှိ ပယ်ချကြောင်း ထပ်လောင်းကြေညာခဲ့ပြီး အစည်းအဝေးတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ထောက်ခံခဲ့သည့် မိတ်ဖက်နိုင်ငံများကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
#ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ#OIC#ရိုဟင်ဂျာ#မြန်မာ့လူ့အခွင့်အရေး#ဂျီနီဗာ

ကော့သောင်းမြို့နယ်တွင် WY ဆေးပြား ၉,၉၄၉ ပြားနှင့် အတူ သံသယရှိသူ ၃ ဦး ဖမ်းမိ
ဇူလိုင် ၁၁
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဒေသခံများ၏ သတင်းပေးချက်အရ သံသယရှိနေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာ WY မူးယစ်စိတ်ကြွဆေးပြား ၉,၉၄၉ ပြားနှင့်အတူ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကော့သောင်းမြို့နယ်က အသိပေးထုတ်ပြန်လာပါတယ်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဇူလိုင် ၈ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံရသူများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူသွားမည်လို့ ဆိုပါတယ်။
အဆိုပါဖမ်းဆီးမှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီတိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
#ကော့သောင်း#တနင်္သာရီတိုင်း#WYမူးယစ်ဆေး#ပြည်သူ့ကာကွယ်ရေးအဖွဲ့#မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

မောတောင်ဒေသတွင် တိုက်ပွဲအတွက် အသင့်ဖြစ်ပြီး ပြည်သူများကို လုံခြုံရေး သတိပေး
ဇူလိုင် ၁၁
The Kaladan Post
တနင်္သာရီတိုင်း မောတောင်ဒေသတွင် KNLA တပ်မဟာ (၄) လက်အောက်ခံ BLACK COBRA COLUMN က တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကာ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိပေးချက်များကို တိတိကျကျ လိုက်နာကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
မောတောင်–တနင်္သာရီလမ်းပိုင်းအချို့ကို အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ထားပြီး ကုန်ကားများ မဖြတ်သန်းရန်၊ သတ်မှတ်ထားသည့် နေရာများတွင် သွားလာမှုကို ရှောင်ရှားရန်နှင့် စစ်ရေးပစ်မှတ် အဖြစ် မှားယွင်းထိခိုက်နိုင်သည့် အန္တရာယ်များကို သတိပြုရန် အသိပေးထားပါတယ်။
BLACK COBRA COLUMN ၏ ထုတ်ပြန်ချက်အရ မောတောင်ဒေသတွင် တစ်နှစ်ကျော်ကြာ ခုခံတိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၅၁ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း အများအပြားရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီဘက်မှ တပ်သား ၅၀၀ ကျော် သေဆုံးကာ ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘက်ပြောင်းဝင်ရောက်လာသူ ၄၆ ဦးနှင့် စစ်သုံ့ပန်း ၅၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စစ်ကောင်စီနှင့် ဆက်နွယ်သည့် လူ၊ လက်နက်နှင့် စစ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အသိပေးထားပြီး ဒေသခံများအနေဖြင့် သတိပေးချက်များကို လိုက်နာကာ လုံခြုံရေးကို အထူးဂရုစိုက်ကြရန် တိုက်တွန်းထားပါတယ်။
ယခင်က KNLA ပူးပေါင်းတပ်သည် မောတောင်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ အင်အားအလုံးအရင်းနှင့် လေကြောင်းထိုးစစ်များကြောင့် မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြန်လည်ဖော်ပြထားပါတယ်။
ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးသတိပေးချက်များကို အချိန်နှင့်တပြေးညီ လိုက်နာပြီး မလိုအပ်ဘဲ စစ်ရေးလှုပ်ရှားရာ နေရာများကို ရှောင်ရှားကြရန် တိုက်တွန်းထားပါတယ်။ #မောတောင်#KNLA#BLACKCOBRACOLUMN#တနင်္သာရီ

ချောက်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၂၀ ဦးအား စဉ့်ကိုင်ပကဖ အလံတိုင်တဝက်ချ၍ စစ်အလေးပြု
ဇူလိုင် ၁၁
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၂၀ ဦးအား စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များက အလံတိုင်တဝက်ချကာ သေနတ် ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားကို ကျဆုံးရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံမှုကို အောက်မေ့ဂုဏ်ပြုရန်နှင့် တော်လှန်ရေးရဲဘော်များ၏ စိတ်ဓာတ်ကို အားဖြည့်ရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဥ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် စစ်တပ်၏ တန်ပြန်ပိတ်ဆို့မှုကြောင့် ဝိုင်းပတ်ခံခဲ့ရပြီး အရှင်ဖမ်းဆီးခံရသည့် ရဲဘော်များကိုပါ စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုထားပါတယ်။
ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့ပြီး ကျန်ရဲဘော်များအနက် ၃ ဦးသာ လွတ်မြောက်လာကာ ကျန်သူများမှာ ကျဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
ထို့အပြင် ဖြစ်စဉ်အတွင်း ရိုက်ကူးထားသည်ဟု ဆိုသော ရုပ်သံဖိုင်တစ်ခုကို စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များက ထုတ်ပြန်လာခဲ့ပြီး၊ ယင်းရုပ်သံတွင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် တော်လှန်ရေးရဲဘော်များအနက် အရှင်ဖမ်းမိသူများကိုပင် စစ်သုံ့ပန်းအဖြစ် မဖမ်းဆီးဘဲ နေရာတင်ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေးနေသည့် မြင်ကွင်းများ ပါဝင်နေကြောင်း တွေ့ရပါတယ်။
ပါဝင်နေသည်။
#ချောက်တိုက်ပွဲ#တောင်သာကျေးရွာ#PDFရဲဘော်#စဉ့်ကိုင်ပကဖ#တော်လှန်ရေး

ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်မှုများကို နိုင်ငံတကာက စောင့်ကြည့်ပေးရန် PPNM တောင်းဆို
ဇူလိုင် ၁၁
The Kaladan Post
မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင်အာဏာပိုင်များက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ၃ ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်း PPNM က ထုတ်ပြန် ထားပါတယ်။
အကျဉ်းဦးစီးဝန်ထမ်းများက အကျဉ်းသားများ၏ ကိုယ်ပိုင်အိပ်ရာလိပ်များကို အတင်းအဓမ္မ သိမ်းဆည်းရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး၊ မေးမြန်းကန့်ကွက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။
ထိုဖြစ်စဉ်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်မျိုးကို(ခ) ကိုမျိုးကိုအပါအဝင် အခြားအကျဉ်းသားများ လည်း ဒုတ်၊ လက်သီးများဖြင့် ရိုက်နှက်ခံခဲ့ပြီး ဒဏ်ရာရရှိသူများကို လုံလောက်သော ဆေးကုသခွင့် မရရှိသေးကြောင်း ဖော်ပြထားပါတယ်။
PPNM က စစ်တပ်မှ အကျဉ်းဦးစီးဌာနသို့ ပြောင်းရွှေ့လာသည့် ဦးစီးအရာရှိ သန်းမြတ်စိုးက ဖြစ်စဉ်ကို ဦးဆောင်ခဲ့ကြောင်း ဆိုထားပြီး၊ ထောင်အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မရှိကြောင်းလည်း ဆိုထားပါတယ်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၃ ဦးနှင့် ရာဇဝတ်အမှုသည် ၁ ဦးတို့ကို တိုက်ပိတ်ထားဆဲဖြစ်ပြီး၊ ၎င်းတို့ကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ အဖွဲ့အစည်းများက စောင့်ကြည့်ပေးရန် PPNM က တောင်းဆိုထားပါတယ်။
ထို့ပြင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်နေ့တွင် တစ်ပွင့်ဝန်ထမ်း အောင်ကျော်ဆင့် က နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်အား အကြောင်းပြချက်မရှိဘဲ ရာဘာလက်ကိုင် တုတ်ဖြင့် မျက်နှာ၊ ဦးခေါင်းနှင့် လည်ပင်း စသည့် အသက်အန္တရာယ်စိုးရိမ်ရသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရည်ရွယ်၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရှိရပါတယ်။
#မန္တလေးအိုးဘိုထောင်#နိုင်ငံရေးအကျဉ်းသား#လူ့အခွင့်အရေး#PPNM#မြန်မာသတင်း

မောတောင်မြို့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်း ၅၄ ဦး ရောက်ရှိ
ဇူလိုင် ၁၁
The Kaladan Post
တနင်္သာရီတိုင်း မောတောင်မြို့သို့ ဌာနဆိုင်ရာဝန်ထမ်း ၅၄ ဦး ဇူလိုင်လ ၁၀ ရက်က ရောက်ရှိလာခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစီအစဉ်ဖြင့် သက်ဆိုင်ရာဌာနများတွင် နေရာချထားပေး ခဲ့ကြောင်း စစ်တပ်ထောက်ခံသတင်းက ဖော်ပြလာပါတယ်။
ရောက်ရှိလာသည့် ဝန်ထမ်းများကို စစ်ဗျူဟာ (၁) နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့များ၊ ဌာနေပြည်သူ့စစ်များ နှင့် ဒေသခံအချို့က မြို့အဝင်တွင် ကြိုဆိုခဲ့ပြီး မောတောင်ရဲစခန်း၊ စည်ပင်သာယာရေးဌာနနှင့် အခြား အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
တစ်ဖက်တွင် KNLA တပ်မဟာ (၄) လက်အောက်ခံ BLACK COBRA COLUMN က မောတောင်မြို့ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကာ ဒေသခံများအနေဖြင့် လုံခြုံရေးသတိပေးချက် များကို အထူးလိုက်နာကြရန် တိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်အရ မောတောင်–တနင်္သာရီလမ်းပိုင်းအချို့ကို အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ထား ပြီး ကုန်ကားများ မဖြတ်သန်းရန်နှင့် သတ်မှတ်နေရာများသို့ သွားလာမှုကို ရှောင်ရှားရန် အသိပေးထားပါတယ်။
စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသည့် မောတောင်ဒေသတွင် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့များ၏ လုံခြုံရေးညွှန်ကြားချက်များကို အနီးကပ်လိုက်နာပြီး စစ်ရေးအခြေအနေ များကို စောင့်ကြည့်သွားလာကြရန် သတိပေးထားပါတယ်။
#မောတောင်#တနင်္သာရီ#KNLA#BLACKCOBRACOLUMN#စစ်ရေးသတင်း

အာဆီယံ–စစ်ကောင်စီ တွေ့ဆုံမှုသည် အကြမ်းဖက်မှုကို ဆုချခြင်းဖြစ်ဟု SAC-M ပြောဆို
ဇူလိုင် ၁၁
The Kaladan Post
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်တွင် တွေ့ဆုံရန် စီစဉ်ထားခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို အားနည်းစေပြီး စစ်ကောင်စီကို တရားဝင်မှု ပိုမိုပေးအပ်ရာ ရောက်ကြောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။
SAC-M အဖွဲ့ဝင် ယန်ဟီးလီက ယင်းတွေ့ဆုံမှုသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် အာဆီယံအပေါ် မလိုက်နာမှုများကို ဆုချသကဲ့သို့ ဖြစ်စေပြီး အာဆီယံ၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်ကြောင်း ပြောဆိုထားပါတယ်။
၂၀၂၁ ခုနှစ်မှစတင်၍ စစ်ကောင်စီသည် 5PC ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သဖြင့် အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ရှားထားသည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်း သင့်ကြောင်း SAC-M က တိုက်တွန်းထားပါတယ်။
ထို့အပြင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ကို ငြင်းပယ်ထားသည့်အခြေအနေတွင် ယခုကဲ့သို့ အဆင့်မြင့်တွေ့ဆုံမှု ပြုလုပ်ရန် စီစဉ်ခြင်းမှာ နားလည်ရခက်သည့် မူဝါဒပြောင်းလဲမှုဖြစ်ကြောင်းလည်း ဝေဖန်ထားပါတယ်။
SAC-M က အာဆီယံအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးတို့ကို လက်တွေ့ ဆောင်ရွက်လာသည့်အချိန်အထိ အဆင့်မြင့်ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ကန့်သတ်ထားရန် တောင်းဆိုထားပါတယ်။
SAC-M ၏ အဆိုအရ အာဆီယံက စစ်ကောင်စီနှင့် တွေ့ဆုံရန် ဆက်လက်လုပ်ဆောင်မည်ဆိုပါက မြန်မာ့အရေးဖြေရှင်းနိုင်သည့် ယုံကြည်မှုကို ထိခိုက်စေရုံသာမက မြန်မာဒီမိုကရေစီအင်အားစုများ၏ ယုံကြည်မှုကိုလည်း ဆုံးရှုံးစေနိုင်ကြောင်း သတိပေးထားပါတယ်။
ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများနှင့် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်တွင် အလွတ် သဘောတွေ့ဆုံရန် စီစဉ်ထားပြီး ယင်းသည် မြန်မာနှင့် တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံရေး အတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရာတီ နာလီတာ အန်ဒါမို (Maratee Nalita Andamo) က ပြောကြားခဲ့ပါတယ်။
သို့သော် မြန်မာစစ်ခေါင်းဆောင်ပိုင်းအပေါ် အာဆီယံက ချမှတ်ထားသည့် အဆင့်မြင့်အစည်းအဝေး တက်ရောက်ခွင့်ကန့်သတ်ချက်များမှာ ဆက်လက်အသက်ဝင်နေဆဲဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံက အတည်ပြု ပြောဆိုထားပါတယ်။
#SACM#အာဆီယံ#မြန်မာ့အရေး#5PointConsensus#နိုင်ငံတကာသတင်း

စစ်ကောင်စီကို တရားဝင်မှုပေးခြင်းသည် မြန်မာ့အကျပ်အတည်း ပိုမိုဆိုးရွားစေမည်ဟု SIF သတိပေး
ဇူလိုင် ၁၁
The Kaladan Post
မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က အကြမ်းဖက်စစ်ကောင်စီကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြုဘဲ မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေသည့် အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံ၏ လက်ရှိရပ်တည်ချက်များကို ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အစိုးရကို နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ တရားဝင်မှုပေးသည့် မည်သည့်လုပ်ရပ်မျိုးမဆို မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပိုမိုရှုပ်ထွေးစေမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသော်လည်း နိုင်ငံအချို့က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအဖြစ် အပြုသဘောမြင်နေခြင်းမှာ မသင့်လျော်ကြောင်း ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးများကြောင့် စစ်ကောင်စီသည် စစ်ရေးအရ အကြီးမားဆုံး ဖိအားများကို ရင်ဆိုင်နေရပြီး စစ်ကောင်စီက စစ်ရေးအသာစီးရထားသည်ဆိုသည့် သုံးသပ်ချက်များမှာ မြေပြင်အခြေအနေနှင့် မကိုက်ညီကြောင်း SIF က ဆိုထားပါတယ်။
ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများဟာ စစ်တပ်ကြောင့်သာဖြစ်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် စစ်ကောင်စီကို နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဆက်လက်ဖယ်ကျဉ်ထားရန်နှင့် စစ်တပ်အား တရားဝင်မှုပေးသည့် မည်သည့်လုပ်ရပ်ကိုမဆို ရပ်တန့်ကာ မြန်မာပြည်သူများနှင့် ဒီမိုကရေစီအင်အားစုများဘက်တွင် ဆက်လက်ရပ်တည်ပေးရန် နိုင်ငံတကာကို မေတ္တာရပ်ခံ ထားပါတယ်။
#SIF#မြန်မာ့အရေး#စစ်ကောင်စီ#ဒီမိုကရေစီ#နိုင်ငံတကာသတင်း
