ဇနီးနှင့်အတူ ထွက်ပြေး အလင်းဝင်သူ စစ်မှုထမ်းတပ်သားတစ်ဦးက စစ်တပ်ကို ပြန်တိုက်မည်ဟု ဆို
ဇူလိုင် ၁၂
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ဘောလုံးကွင်း၌ ကင်းတာဝန်ကျနေသော စစ်မှုထမ်းတပ်သား ကိုအောင်နိုင်ဝင်းသည် ဇနီးဖြစ်သူနှင့်အတူ ထွက်ပြေးကာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ကော့သောင်း ပကဖ၏ ထုတ်ပြန်ချက်အရ ကိုအောင်နိုင်ဝင်းသည် စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးမှု ကြောင့် စစ်မှုထမ်းအပတ်စဉ် (၂၀) သင်တန်းကို တက်ရောက်ခဲ့ရပြီး နောက်ပိုင်းတွင် ကော့သောင်းမြို့ရှိ ရန်ကြီးအောင်ဘောလုံးကွင်း၌ ကင်းစောင့်နှင့် ကင်းလှည့်တာဝန်များ ထမ်းဆောင်ခဲ့ရကြောင်း သိရပါတယ်။
၎င်းက စစ်တပ်အတွင်း အရပ်သားများအပေါ် ဖိနှိပ်မှုများနှင့် စစ်မှုထမ်းတပ်သားများကို စိတ်ကြွ မူးယစ်ဆေးဝါး (WY) သုံးစွဲစေပြီး ရှေ့တန်းပို့ဆောင်နေသည့် အခြေအနေများကြောင့် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ပကဖက ဖော်ပြထားပါတယ်။
ကာယကံရှင်၏ ပြောဆိုချက်အရ ကိုအောင်နိုင်ဝင်းသည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း သိရပါတယ်။
#ကော့သောင်း#စစ်မှုထမ်း#ပကဖ#တနင်္သာရီ#မြန်မာသတင်း

စစ်တပ်နှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းခြင်းသည် လက်ရှိ 5PC ထက် ပိုမို ထိရောက်မည်ဟု APHR ပြောဆို
ဇူလိုင် ၁၂
The Kaladan Post
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က စစ်တပ်ကို နိုင်ငံရေးတရား ဝင်မှု ရရှိစေမည့် မည်သည့်ခြေလှမ်းကိုမဆို အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်သင့်ကြောင်းနှင့် စစ်ကောင်စီ၏ “ထောင်ချောက်” ထဲသို့ မကျရောက်ရန် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်တပ် ခန့် နိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောတွေ့ဆုံမှုအပေါ် အလွန်စိုးရိမ်ကြောင်း APHR က ဖော်ပြထားပါတယ်။
စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို ပယ်ချထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ကိုလည်း ငြင်းပယ်ထားသည့် အကြမ်းဖက်စစ်တပ်နှင့် ယခုကဲ့သို့ တွေ့ဆုံရန် စီစဉ်ခြင်းမှာ မသင့်လျော်ကြောင်း ဖော်ပြထားပါတယ်။
APHR ဥက္ကဋ္ဌ Mercy Chriesty Barends က အာဆီယံသည် စစ်ကောင်စီ၏ စည်းကမ်းမလိုက်နာမှုများ ကို အကြိမ်ကြိမ် ဆုချသကဲ့သို့ ဖြစ်နေကြောင်းနှင့် ယခုတွေ့ဆုံမှုကို ဆက်လက်ကျင်းပပါက အာဆီယံ တစ်ခုလုံးအတွက် အန္တရာယ်ရှိသည့် စံနမူနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
ထို့အပြင် APHR က မနက်ဖြန်ကျင်းပမည့် တွေ့ဆုံပွဲကို ဖျက်သိမ်းရန်၊ လက်ရှိ 5PC ထက် ပိုမို ထိရောက်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သည့် မူဘောင်သစ်တစ်ရပ် ချမှတ်ကာ မြန်မာ့အရေးအပေါ် ခိုင်မာပြတ်သားသော ရပ်တည်ချက်ဖြင့် ဆောင်ရွက်ရန် အာဆီယံကို တိုက်တွန်းထားပါတယ်။
#APHR#အာဆီယံ#မြန်မာ့အရေး#5PC#နိုင်ငံတကာသတင်း

မင်းအောင်လှိုင် တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၃၃၂ ဦး သေဆုံး
ဇူလိုင် ၁၂
The Kaladan Post
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီး ၃၃၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် မိန်းကလေး ၅၈ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀၆ ဦးရှိကြောင်း BWU က ပြောဆိုထားပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်း၊ မီးရှို့သတ်ဖြတ်မှုနှင့် အခြားအကြမ်းဖက်လုပ်ရပ်များကြောင့်လည်း အမျိုးသမီးများ အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းတွင် သေဆုံးသူအများဆုံးဖြစ်ပြီး ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ထိခိုက်သေဆုံးမှုများ ဆက်လက်မြင့်တက်နေကြောင်း သိရပါတယ်။
စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန် နှင့် လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများကို ပိတ်ဆို့ကန့်သတ်ပေးရန် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား အရေးပေါ်ဆောင်ရွက်ပေးရန် BWU က တိုက်တွန်းထားပါတယ်။
#BWU#အမျိုးသမီးအခွင့်အရေး#လူ့အခွင့်အရေး#မြန်မာ့အရေး#နိုင်ငံတကာသတင်း

BGF ဗိုလ်မှူးချုပ် စောမုတ်သုန်က ကရင်ပြည်နယ် ငြိမ်းချမ်းစည်းလုံးမှုလိုလားကြောင်း ပြောဆို
ဇူလိုင် ၁၂
The Kaladan Post
ကရင်ပြည်နယ် ဘားအံမြို့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ ဆက်ဆံရေးရုံးကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် BGF ဗိုလ်မှူးချုပ် စောမုတ်သုန်က မိမိအသက်မသေခင် ကရင်ပြည်နယ်ကို ငြိမ်းချမ်းစည်းလုံးသည့် အခြေအနေဖြင့် မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းများကို အခြေခံနိုင်ပါက ကရင် လက်နက်ကိုင် အဖွဲ့များအကြား ပဋိပက္ခများ လျော့နည်းပြီး ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ် လာနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။
DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ကလည်း ဆက်ဆံရေးရုံးတွင် တာဝန်ကျမည့် အရာရှိနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် သည်းခံစိတ်ထားဖြင့် မိတ်ဖက်ဆက်ဆံရေးကို ဦးစားပေးကာ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါတယ်။
DKBA ရဲ့ဆက်ဆံရေးရုံးဖွင့်ပွဲကို ကရင်လက်နက်ကိုင်တွေထဲ KNU က လွဲလို့ အပစ်ရပ် လက်နက် ကိုင်အဖွဲ့တွေ အကုန်လုံး တက်ရောက်တာကိုလည်း တွေ့ရပါတယ်။
တစ်ဖက်တွင်လည်း မြဝတီတောင်ပိုင်း မင်းလက်ပံဒေသ၌ KNLA-PDF ပူးပေါင်းတပ်များနှင့် စစ်တပ် တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ကူများနှင့်အတူ BGF တပ်ဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
ထို့ပြင် DKBA နှင့် BGF အဖွဲ့များသည် နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်သည် ဆိုသည့် စွပ်စွဲချက်များကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကိုလည်း ရင်ဆိုင်နေရကြောင်း သိရပါတယ်။ #DKBA#BGF#ကရင်ပြည်နယ်#ဘားအံ#မြန်မာသတင်း

ခေါင်လန်ဖူးဒေသရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း နှစ်ခုကို KIA သိမ်းပိုက်
ဇူလိုင် ၁၂
The Kaladan Post
ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်း ရှေ့တန်းစခန်း များကို KIA တပ်မဟာ (၇) လက်အောက်ခံတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးကာ စခန်းများကို စွန့်ခွာထွက်ပြေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
တိုက်ခိုက်မှုအတွင်း လက်နက်မျိုးစုံ ၂၀ ခန့် အပါအဝင် ခဲယမ်းများနှင့် ရိက္ခာအများအပြားကို သိမ်းဆည်းရရှိခဲ့သလို ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
KIA ဘက်က လက်ရှိတွင် ခေါင်လန်ဖူးဒေသရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများ ကို ဆက်လက်စောင့်ကြည့်နေပြီး ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေတယ်လို့ ပြောဆိုထားပါတယ်။
တစ်ချိန်တည်းတွင် KIA တပ်မဟာ (၁၁) နယ်မြေဖြစ်သည့် ရွှေကူမြို့နယ်ဘက်တွင်လည်း တိုက်ပွဲများ နေ့စဉ်နီးပါး ပြင်းထန်နေပြီး စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းမှုများကို KIA ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရပါတယ်။
ကချင်ပြည်နယ်အတွင်း KIA နယ်မြေအများစုတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများ ဆက်လက် လုပ်ဆောင်နေသဖြင့် စစ်ရေးအခြေအနေများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း စသတင်းရင်းမြစ်က သုံးသပ် ပြောဆိုထားပါတယ်။
#KIA#ခေါင်လန်ဖူး#ကချင်ပြည်နယ်#စစ်ရေးသတင်း#မြန်မာသတင်း

မတ္တရာအနောက်ခြမ်းရှိ စစ်ကောင်စီစခန်း ၂ ခုကို တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်
ဇူလိုင် ၁၂
The Kaladan Post
မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်းရှိ သဲအင်းနှင့် ရှင်လှတောင်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖဘက်က ပြောဆိုထားပါတယ်။
တိုက်ပွဲအတွင်း သဲအင်းစခန်းမှ လက်နက် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ရှင်လှတောင်စခန်းတွင် စစ်ကူအင်အားများ ရောက်ရှိလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မတ္တရာမြို့နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ်(၁)တပ်ရင်း၊ မန္တလေးခရိုင် ပကဖနှင့် NMD တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် စစ်တပ်ဘက်မှ ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
မတ္တရာမြို့နယ် ပကဖက ဒေသခံပြည်သူများအနေဖြင့် တော်လှန်ရေးကို ဆက်လက်ထောက်ခံ အားပေးကြရန် တိုက်တွန်းထားပြီး စစ်ကောင်စီကို ကူညီပံ့ပိုးနေသူများအနေဖြင့် ယင်းလုပ်ရပ်များကို ရပ်တန့်ရန်လည်း သတိပေးပြောဆိုထားပါတယ်။
#မတ္တရာ#မန္တလေးတိုင်း#ပကဖ#စစ်ရေးသတင်း#မြန်မာသတင်း
