စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDF-Hakha ထံ အလင်းဝင်

ဇူလိုင် ၂၈
The Kaladan Post
ချင်းပြည်နယ် ဟားခါးမြို့ ရုန်းတောင်ပေါ်ရှိ ခလရ (၂၆၆) တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသည် တာဝန်ဆက်လက်မထမ်းဆောင်လိုတော့သဖြင့် လက်နက်ခဲယမ်းများ ယူဆောင်ကာ CDF-Hakha ထံ အလင်းဝင်လာခဲ့ကြောင်း CDF-Hakha Support Team of North America က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ အဆိုပါ တပ်ဖွဲ့ဝင်သည် သေနတ်တစ်လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်ဆံ ၁၅၀ တောင့်ကို ယူဆောင်လာခဲ့ပြီး ၎င်း၏ မိတ်ဆွေအချို့လည်း ထွက်ခွာလိုသော်လည်း အခြေအနေမပေး သဖြင့် မထွက်နိုင်သေးကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားပါတယ်။
CDF-Hakha က ဟားခါးမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို အချိန်မီ အလင်းဝင်ကြရန် ထပ်မံတိုက်တွန်းထားပြီး မဝင်ရောက်သူများအပေါ် မြို့တွင်းစစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားပါတယ်။
ထို့အပြင် ယခုလအတွင်း ဟားခါးမြို့ ပြည်တော်သာရပ်ကွက်၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်အပါအဝင် မြို့တွင်းစစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ချက်များတွင် ဖော်ပြထားပါတယ်။
#CDFHakha #ဟားခါးမြို့ #ချင်းပြည်နယ် #အလင်းဝင် #မြန်မာသတင်း


ပေါက်မြို့နယ်တွင် စစ်ကြောင်းမှ ကွဲကျန်ခဲ့သည့် ရဲတပ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီး

ဇူလိုင် ၂၈
The Kaladan Post
မကွေးတိုင်း ပေါက်မြို့နယ်အတွင်း စစ်ကြောင်းနှင့် အဆက်အသွယ်ပြတ်ကာ တောတွင်း၌ ရက်အတော် ကြာ ကျန်ရစ်နေသည့် ရဲတပ်ရင်း (၁၁) မှ ရဲတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း Myaing Garuda People’s Defense Force က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရဲတပ်သားနှစ်ဦးမှာ စစ်ကြောင်းမှ လမ်းခွဲကျန်ရစ်ပြီး အစာရေစာပြတ်လပ်ကာ ဖျားနာနေချိန် တွင် ဒေသခံတစ်ဦးထံမှ အကူအညီတောင်းခံခဲ့ရာ သတင်းပေးပို့မှုအရ ကာကွယ်ရေးတပ်ဖွဲ့များက ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိစဉ် MA-2 သေနတ် ၁ လက်၊ MA-12 သေနတ် ၁ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် ၃၀၀ ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး၊ ယင်းစစ်ကြောင်းသည် ကျေးရွာများအတွင်း စစ်ဆင်ရေးဆောင်ရွက်စဉ် မိုင်းထိမှန်၍ ထိခိုက်ဆုံးရှုံး မှုများ ကြုံတွေ့ခဲ့သည်ဟုလည်း ဖော်ပြထားပါတယ်။
ထို့အပြင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ပစ်ထားခဲ့သည့် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
#ပေါက်မြို့နယ် #မကွေးသတင်း #MyaingGarudaPDF #စစ်ရေးသတင်း #မြန်မာသတင်း

နတ်မောက်တွင် မသင်္ကာဖွယ်ကားကို လိုက်လံဖမ်းဆီးရာ လက်နက်ဆိုင်ရာပစ္စည်းများ သိမ်းဆည်း

ဇူလိုင် ၂၈
The Kaladan Post
ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က နတ်မောက်မြို့ မြို့သစ်လမ်းပိုင်းတွင် ရှောင်တခင်စစ်ဆေး မှု ပြုလုပ်စဉ် မသင်္ကာဖွယ်ယာဉ်တစ်စီးမှာ ရပ်တန့်စစ်ဆေးခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးမှုရာ ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ယာဉ်တစ်စီး၊ ဖုန်းတစ်လုံး၊ G3 ကျည် ၇၄ တောင့်၊ လက်ထိပ်တစ်ခု၊ ဦးထုပ် ၂ လုံး (ကျည်ကာဦးထုပ် ၁ လုံးအပါအဝင်) တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တောင်တွင်းကြီးတပ်ခွဲ အမှတ် (၉၀၂) တပ်ရင်းထံမှ သိရပါတယ်။
ဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါသူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထိခိုက်ကျဆုံးမှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားကာ အဆိုပါ လိုက်လံဖမ်းဆီးတိုက်ခိုက်မှုကို အမှတ် (၉၀၂) တပ်ရင်းမှ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် (၁၀၃) ခြေမြန်တပ်ရင်းနှင့် ရှေ့တန်းစစ်ဂိတ်ကို ဇူလိုင် ၂၅ ရက် ညပိုင်းတွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တောင်တွင်းကြီး Rocket Fighter၊ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
#နတ်မောက် #မကွေးသတင်း #စစ်ရေးသတင်း #အမှတ်၉၀၂တပ်ရင်း #မြန်မာသတင်း


ဆောမြို့နယ်နှင့် လောင်းရှည်ဒေသတွင် စစ်သုံ့ပန်း ၉ ဦးဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း

ဇူလိုင် ၂၈
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက ဆောမြို့နယ်နှင့် လောင်းရှည်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ၏ ထိုးစစ်နှစ်ကြိမ်ကို အောင်မြင်စွာ ပြန်လည်တားဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၆ ရက်က တပ်မ (၉၉) ဦးစီး အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းသည် ဆောမြို့ဘက်သို့ ထိုးစစ်ဆင်လာစဉ် PDF ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာကာ လောင်းရှည်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ဇူလိုင် ၂၅ ရက်တွင် အင်အား ၁၈၀ ခန့်ဖြင့် လေကြောင်းပစ်ကူရယူကာ ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်ခဲ့သော်လည်း PDF တပ်ဖွဲ့များ၏ ပြင်းထန်သော ခုခံတိုက်ခိုက်မှုကြောင့် ထပ်မံအထိနာကာ ဆုတ်ခွာခဲ့ရပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဖော်ပြထားပါတယ်။
နယ်မြေရှင်းလင်းရေးအတွင်း MA-1၊ MA-3 သေနတ်များ၊ RPG၊ လက်နက်ကြီးကျည်များ၊ ဒရုန်းပစ္စည်းများ၊ Starlink စက်၊ စစ်သုံးယာဉ် ၃ စီး၊ ရိက္ခာနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF မကွေးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
PDF မကွေးတိုင်းစစ်ဌာနက အကြမ်းဖက်စစ်ကောင်စီကို စစ်မျက်နှာအသီးသီးတွင် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
#မကွေးတိုင်းစစ်ဌာန #PDF #ဆောတိုက်ပွဲ #စစ်သုံ့ပန်း #မြန်မာသတင်း

တိုက်ပွဲမရှိသည့် ဒေသများကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ

ဇူလိုင် ၂၈
The Kaladan Post
ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မကွေးတိုင်း ချောက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဒရုန်းများအသုံးပြု၍ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
ဇူလိုင် ၂၇ ရက် ညပိုင်းတွင် သံတွဲမြို့နယ် လင်းဘူးတောင်ကျေးရွာအနီးရှိ ကျောက်ခွဲစက်ရုံကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ စက်ပစ္စည်းများနှင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရပြီး၊ အဆိုပါဒေသတွင် ယခုလအတွင်း လူနေရပ်ကွက်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
အလားတူ ဇူလိုင် ၂၈ ရက်တွင် မကွေးတိုင်း ချောက်မြို့နယ် စမ်းစုကျေးရွာနှင့် ဆူးတောကြားကျေးရွာတို့ကို စစ်ကောင်စီစစ်ကြောင်းက ဒရုန်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု မရှိသေးကြောင်း၊ သို့သော် ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာသို့ အရေးပေါ်တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုထားပါတယ်။
ဒေသခံများက တိုက်ပွဲမရှိသည့် အခြေအနေတွင်ပင် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် စမ်းစု၊ ဆူးတောနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားရာတွင် အထူးသတိထားကာ လုံခြုံရေးအစီအမံများကို ဂရုစိုက်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
#သံတွဲမြို့နယ် #ချောက်မြို့နယ် #လေကြောင်းတိုက်ခိုက်မှု #ဒရုန်းဗုံးကြဲ #မြန်မာသတင်း

အောင်လံတွင် စစ်ဗိုလ်လိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံး

ဇူလိုင် ၂၈
The Kaladan Post
မကွေးတိုင်း အောင်လံမြို့နယ် ရွှေပန်းတောကျေးရွာနှင့် နတ်မောက်ဂိတ်ကြားတွင် စစ်ဗိုလ်တစ်ဦး မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် သရက်ခရိုင် အမှတ် (၂) တပ်ရင်း ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်သား ၈ ဦးလိုက်ပါလာသည့် Double Cab ယာဉ်မှာ တိုက်ခိုက်မှုအတွင်း အပြင်းအထန်ပျက်စီးခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း သိရပြီး အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ ပျက်စီးသွားသည့်ယာဉ်ကို ပြန်လည်ဆွဲထုတ်နိုင်ရန် ယာဉ်ထပ်မံ စေလွှတ်ခဲ့ကြောင်းနှင့် သေဆုံး၊ ဒဏ်ရာရရှိသူများကို ဒေသတွင်းယာဉ်တစ်စီးဖြင့် သယ်ဆောင်သွားခဲ့ ကြောင်း သတင်းရင်းမြစ်များက ဆိုထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို သရက်ခရိုင် အမှတ် (၂) တပ်ရင်း၏ ALPHA နှင့် CHARLIE Fire Team ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ရေးပစ်မှတ်များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် သက်ဆိုင်သည့် စခန်းများ၊ ယာဉ်များနှင့် အဆောက်အအုံများအနီး သွားလာနေထိုင်ခြင်းကို ရှောင်ရှားကြရန်လည်း သရက်ခရိုင် အမှတ် (၂) တပ်ရင်းက သတိပေးမေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
#အောင်လံမြို့နယ် #သရက်ခရိုင် #မိုင်းဆွဲတိုက်ခိုက်မှု #တော်လှန်ရေးသတင်း #မြန်မာသတင်း


ရခိုင်ပြည်နယ်က မင်းပြားနှင့် ပေါက်တော မြို့အမည်သစ်များ တရားဝင်ဖွင့်လှစ်

ဇူလိုင် ၂၈
The Kaladan Post
အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့တို့ကို အမည်သစ်များ ဖြင့် တရားဝင်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး မြို့ဝင်ဆိုင်းဘုတ်အသစ်များကို တင်ဆင်ကာ အမြောက် ၇ ချက် ပစ်ဖောက်၍ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။
မင်းပြားမြို့ကို “အဉ္ဇနပူရမြို့” ဟုလည်းကောင်း၊ ပေါက်တောမြို့ကို “ဝီရဌာနီမြို့” ဟုလည်းကောင်း အမည်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ပါတီနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ဦးဆောင်ကာ မြို့ဝင်ဆိုင်းဘုတ်သစ်များကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ပေါက်တောမြို့တွင်လည်း အမည်သစ်ဖွင့်ပွဲနှင့်အတူ “ဝီရဌာနီ စိမ်းလမ်းစီ” ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးခဲ့ကြပြီး ဒေသခံများက မြို့၏ အုပ်ချုပ်ရေးနှင့် သင်္ကေတအသစ် များ စတင်အသုံးပြုနေပြီဟု ပြောဆိုထားပါတယ်။
ယခုအမည်ပြောင်းမှုသည် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးစနစ်အသစ် ဖော်ဆောင်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားမြို့များကိုလည်း အမည်သစ်များဖြင့် ဆက်လက်ပြောင်းလဲသတ်မှတ် သွားရန် စီစဉ်ထားကြောင်း AA နှင့် နီးစပ်သော သတင်းရင်းမြစ်များ ပြောကြားချက်အရ သိရပါတယ်။
#AA #မင်းပြား #ပေါက်တော #အဉ္ဇနပူရမြို့ #ဝီရဌာနီမြို့