ရေကြည်မြို့နယ်ရှိ စစ်တပ်စခန်းကုန်း ၃ ခုကို ဆက်တိုက်သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်

ဇွန် ၂၈
The Kaladan Post
အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်းရှိ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်အတွင်း ဆက်တိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အမတ (၃၄၄) အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ အင်အား ၄၀၀ ကျော်ဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း AA က ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပွိုင့်ကုန်းများ သိမ်းပိုက်ရရှိခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ပြောဆိုထားပါတယ်။
လက်ရှိတွင် ရက္ခိုင်-ဧရာဝတီအစပ်ဒေသ၌ တိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး စစ်ကောင်စီက ဂွမြို့နယ် ဘက်သို့ ထိုးဖောက်နိုင်ရန် လေကြောင်း၊ ကုန်းကြောင်းနှင့် ရေလမ်းများမှ အင်အားသုံး ကြိုးပမ်းနေ ကြောင်း ဆိုပါတယ်။
ထို့အပြင် စစ်တွေ၊ ကျောက်ဖြူ၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်နှင့် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်ဒေသများအပါအဝင် AA လှုပ်ရှားရာ နေရာအနှံ့တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
AA က စစ်ကောင်စီ၏ ထိုးစစ်များကို ဆက်လက်တုံ့ပြန်တိုက်ခိုက်နေပြီး ရက္ခိုင်-ဧရာဝတီအစပ်ဒေသရှိ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။

#AA#ရေကြည်မြို့နယ်#ရက္ခိုင်ဧရာဝတီအစပ်တိုက်ပွဲ#စစ်ရေးသတင်း#အာရက္ခတပ်တော်

အင်အားကြီးသူက အင်အားနည်းသူအပေါ် လွှမ်းမိုးအနိုင်ကျင့်သည့် လုပ်ရပ်များကို ရှုတ်ချကြောင်း ကျောင်းသားသမဂ္ဂများ ပြောဆို

ဇွန် ၂၈
The Kaladan Post
တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်း ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် ကျောင်းသားသမဂ္ဂ အင်အားစုများက ဇွန်လ ၂၇ ရက်နေ့ တွင် ပူးတွဲထုတ်ပြန် တိုက်တွန်းထားပါတယ်။ တော်လှန်ရေး ငါးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများကြား ပဋိပက္ခများ ပိုမို ပြင်းထန်လာပြီး လက်နက်ကိုင်အင်အားသုံး ဖြေရှင်းသည့်အဆင့်အထိ ရောက်ရှိလာခြင်းမှာ မဖြစ်သင့်ကြောင်း ကျောင်းသားသမဂ္ဂများက ပြောဆိုထားပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် သွေးစည်းညီညွတ် ရန် အရေးကြီးနေချိန်တွင် အင်အားကြီးသူက အင်အားနည်းသူအပေါ် လွှမ်းမိုးအနိုင်ကျင့်သည့် လုပ်ရပ် များကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ လက်ရှိတွင် ပြည်သူများသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရင်ဆိုင်နေရပြီး တော်လှန်ရေးအဖွဲ့ အစည်းများအချင်းချင်း ပြဿနာများကိုပါ လက်နက်ကိုင်အင်အားသုံး ဖြေရှင်းမည်ဆိုပါက လူထု အတွက် ပိုမိုဆိုးရွားသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ထို့ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို စစ်အင်အားအသုံးပြု၍ မဖြေရှင်းဘဲ နိုင်ငံရေးစားပွဲဝိုင်းများပေါ်တွင်သာ အဖြေရှာကြရန်နှင့် မိတ်ဖက်အဖွဲ့အစည်းများကြား အပြန်အလှန်လေးစားမှုရှိသည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ကြရန် တောင်းဆိုထားပါတယ်။ ကျောင်းသားသမဂ္ဂအင်အားစုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် လူထု အကျိုးစီးပွားအပေါ် အခြေခံသည့် နိုင်ငံရေးအရ တန်းတူညီမျှပြီး အပြန်အလှန်ရိုင်းပင်းကူညီမှုရှိသော တပ်ပေါင်းစုတစ်ရပ်ကို စုစည်းတည်ဆောက်ကြရန်လည်း တိုက်တွန်းထားပါတယ်

#တော်လှန်ရေးအင်အားစုများ#ကျောင်းသားသမဂ္ဂ#နိုင်ငံရေးနည်းလမ်း#စစ်အာဏာရှင်ဆန့်ကျင်ရေး

ရေဦးမြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်တပ်က ဘက်ဟိုးဖြင့် ဖြိုဖျက်ခဲ့ဟု ဒေသခံများ ပြောဆို

ဇွန် ၂၈
The Kaladan Post
စစ်ကိုင်းတိုင်း ရေဦးမြို့လယ်ခေါင်တွင် တည်ဆောက်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်းကာ ဘက်ဟိုးဖြင့် ဖြိုဖျက် ခဲ့ကြောင်း ဒေသခံများက ပြောဆိုပါတယ်။
အဆိုပါ ကြေးရုပ်ကို ၂၀၁၈ ခုနှစ်တွင် ရေဦးမြို့ပြည်သူများ၏ လှူဒါန်းငွေများဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး မြို့လယ်ခေါင်ရှိ အများပြည်သူဆိုင်ရာ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိခဲ့ကြောင်း သိရပါတယ်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယခုလုပ်ရပ်သည် ပြည်သူလူထု၏ သမိုင်း အမွေအနှစ်နှင့် အမျိုးသားဂုဏ်သိက္ခာကို မလေးစားသည့် လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချပြောဆို ထားပါတယ်။
ထို့ပြင် သမိုင်းကို ဖျက်ဆီးခြင်းဖြင့် အမှန်တရားကို ဖျောက်ဖျက်နိုင်မည်မဟုတ်ကြောင်းနှင့် ယဉ်ကျေးမှု တန်ဖိုးများကို ထိခိုက်စေသည့် လုပ်ရပ်အဖြစ် သတ်မှတ်ကြောင်းလည်း ဖော်ပြထားပါတယ်။
လတ်တလောနှစ်များအတွင်း တောင်ငူ၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်နှင့် သာစည်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကိုလည်း စစ်တပ်က ဖယ်ရှားခြင်းနှင့် ဖြိုဖျက်ခြင်းများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

#ရေဦး#ဗိုလ်ချုပ်အောင်ဆန်း#စစ်ကိုင်းတိုင်း#မြန်မာနိုင်ငံ#သတင်းစုံ


ဆောမြို့နယ် နတ်ကောင်းကျင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၃ ဦး သေဆုံး

ဇွန် ၂၈
The Kaladan Post
မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသရှိ နတ်ကောင်းကျင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်များအပါအဝင် အသက် ၈၅ နှစ်အရွယ်အထိရှိသော ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီပေပါများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ပြောဆိုချက်အရ တိုက်ခိုက်ခံရသည့် နေရာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသလို တော်လှန်ရေးတပ်ဖွဲ့ များလည်း တည်ရှိနေခြင်းမရှိကြောင်း သိရပါတယ်။
နတ်ကောင်းကျင်းကျေးရွာသည် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အစပ်တွင် တည်ရှိသော်လည်း လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် နေရာများနှင့် အလှမ်းဝေးကွာသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်များနှင့် လုံခြုံရေးဆိုင်ရာ နည်းလမ်းများကို အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းထားပါတယ်။

#ဆောမြို့နယ်#နတ်ကောင်းကျင်း#လေကြောင်းတိုက်ခိုက်မှု#မကွေးတိုင်း#စစ်ကောင်စီ

စစ်မှုထမ်းတပ်သားတစ်ဦး ခလရ (၁၉) တပ်ရင်းမှူးကို ပစ်သတ်ပြီး KNLA ထံ အလင်းဝင်

ဇွန် ၂၈
The Kaladan Post
ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီ၏ ခလရ (၁၉) တပ်ရင်းမှူး ဗိုလ်မှူး ကျော်မင်းသန်းကို စစ်မှုထမ်းတပ်သားတစ်ဦးက ပစ်ခတ်သတ်ဖြတ်ပြီးနောက် လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Force for Federal Democracy (FFD) တပ်ဖွဲ့ ထုတ်ပြန် အသိလာပါတယ်။
အလင်းဝင်လာသူမှာ အသက် ၃၃ နှစ်အရွယ် စစ်မှုထမ်းတပ်သားတစ်ဦးဖြစ်ပြီး ၎င်းသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်မှုကြောင့် အတင်းအကျပ် စစ်မှုထမ်းခဲ့ ရသူဖြစ်ကြောင်း ၎င်းကိုယ်တိုင် ပြောဆိုထားပါတယ်။
စစ်မှုထမ်းအပတ်စဉ် (၂၁) သင်တန်းတက်ရောက်ပြီးနောက် ဖာပွန်မြို့နယ်ရှိ ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ခံခဲ့ရကာ ဇွန်လ ၂၁ ရက်နေ့တွင် တပ်ရင်းမှူးကို ပစ်ခတ်သတ်ဖြတ်ပြီး KNLA ထံ ထွက်ပြေး အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Force for Federal Democracy (FFD) တပ်ဖွဲ့က အဆိုပါသတင်းကို KNLA ဘက်မှ အတည်ပြုချက် ရရှိပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။

#ဖာပွန်#KNLA#စစ်မှုထမ်း#တော်လှန်ရေး#ကရင်ပြည်နယ်

 

စစ်ကိုင်း တလိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ်များအပါအဝင် ၈ ဦး သေဆုံး

ဇွန် ၂၈
The Kaladan Post
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ တလိုင်း(ထီးလှိုင်)ကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၈ ရက်နေ့တွင် ဂျက်ဖိုက်တာ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet information Network ပြောဆို ထားပါတယ်။
တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်လက်နက်များဖြင့်ပါ ပစ်ခတ်ခဲ့ရာ ကျေးရွာအရှေ့ပိုင်းရှိ လူနေအိမ်များနှင့် ဆိုင်ခန်းများ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူများထဲတွင် အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်များ ပါဝင်နေပြီး အမျိုးသမီးများနှင့် အရပ်သားများ အများစု ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ထို့အပြင် ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့တွင်လည်း မတ္တရာမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အချို့မှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရပါတယ်။
စစ်ကိုင်း၊ မတ္တရာ၊ ဝက်လက်နှင့် စဉ့်ကူးမြို့နယ်များတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု များနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံး မှုများ မြင့်တက်လာနေတယ် ဒေသခံများက ပြောဆိုထားပါတယ်။

#စစ်ကိုင်းတိုင်း#တလိုင်းကျေးရွာ#လေကြောင်းတိုက်ခိုက်မှု#အရပ်သားထိခိုက်မှု#MyanmarCrisis