ဇူလိုင် ၂၊ ၂၀၂၆

The Kaladan Post

 

Meta ကုမ္ပဏီပိုင် WhatsApp က မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ “Username” Feature နဲ့ ပတ်သက်ပြီး ၃ ရက်အတွင်း ရှင်းလင်းချက်ပေးဖို့နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ မပြီးမချင်း အဆိုပါစနစ်ကို အိန္ဒိယမှာ မဖြန့်ချိဖို့ အိန္ဒိယအစိုးရက ဗုဒ္ဓဟူးနေ့မှာ ညွှန်ကြားလိုက်ပါတယ်။ အိန္ဒိယ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ပေးပို့တဲ့ အဆိုပါစာမှာ ဒီစနစ်သစ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြထားတယ်လို့ Reuters သတင်းဌာနက ရေးသားထားပါတယ်။

အခု စနစ်သစ်အရ WhatsApp အသုံးပြုသူတွေဟာ မိမိတို့ရဲ့ ဖုန်းနံပါတ်ကို တစ်ဖက်လူအား ပေးစရာမလိုဘဲ Username (အမည်) တစ်ခုတည်းနဲ့တင် စကားပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ [အိန္ဒိယ နည်းပညာဝန်ကြီးဌာန] ကတော့ အခုလို ဖုန်းနံပါတ်ကို ဖျောက်ထားနိုင်တာဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ Phishing ခေါ် အချက်အလက်ခိုးယူမှုတွေနဲ့ အယောင်ဆောင် တိုက်ခိုက်မှုတွေကို ပိုမိုများပြားလာစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ အထူးသဖြင့် ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေရဲ့ အမည်နဲ့ ဆင်တူတဲ့ Username တွေကို အသုံးပြုပြီး လူလိမ်တွေက လိမ်လည်လှည့်ဖြားမှာကို အစိုးရက အထူးစိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ လူတွေ သူတို့နှစ်သက်ရာ Username တွေကို ကြိုတင်ဦးထားနိုင်ဖို့ ရွေးချယ်ခွင့်ပေးထားတာပါ။ အခု Feature က လက်ရှိမှာ Live မဖြစ်သေးသလို၊ အယောင်ဆောင်မှုတွေ မရှိအောင် အစိုးရအဖွဲ့အစည်းတွေ၊ အများပြည်သူ သိထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ Meta က အသိအမှတ်ပြုထားတဲ့ Account တွေအတွက် Username တွေကို ကြိုတင်ဖယ်ထားပေးပါတယ်” လို့ ရှင်းလင်းထားပါတယ်။

အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖုန်းနံပါတ်မလိုဘဲ အသုံးပြုလို့ရတဲ့ Privacy Feature တွေကြောင့် Telegram အက်ပ်ကို အလားတူ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ [အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန] ရဲ့ ဇွန်လထုတ် အစီရင်ခံစာအရ အခုလို ဖုန်းနံပါတ်ဖျောက်ထားနိုင်တဲ့ စနစ်တွေဟာ ဆိုင်ဘာလိမ်လည်မှုလုပ်တဲ့သူတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းဖော်ထုတ်ဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း Telegram ဟာ အိန္ဒိယရဲ့ ယာယီပိတ်ပင်မှုကို တရားရုံးမှာ ကန့်ကွက်ခဲ့ပေမဲ့ Username စနစ်တွေကြောင့် တရားဥပဒေစိုးမိုးရေးမှာ စိန်ခေါ်မှုတွေ ဖြစ်စေတယ်ဆိုတဲ့ အစိုးရရဲ့ အငြင်းပွားချက်ကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ အခု WhatsApp ကိစ္စမှာလည်း အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း မလုပ်ဆောင်ရင် ဥပဒေအရ အရေးယူခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။