ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် စစ်တပ်ထဲ ရောက်ရှိသူ ကိုရဲမင်းဦး အလင်းဝင်

မတ် ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အလုပ်မှ ပြန်လာစဉ် စစ်တပ်က ပေါ်တာဆွဲ မတရားဖမ်းဆီး ခံခဲ့ရ သော ရေစကြိုမြို့နယ်သား ကိုရဲမင်းဦး (စစ်မှုထမ်း အပတ်စဉ် ၁၉) သည် မတ်လ ၇ ရက်နေ့က ခမရ ၁၁၉ တပ်ရင်း (ပုသိမ်ကြီးမြို့နယ်) မှ လက်နက်မပါဘဲ ထွက်ပြေးလွတ်မြောက်ကာ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း တပ်ခွဲမှ ထုတ်ပြန်သည်။ ကိုရဲမင်းဦးသည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးတွင် စစ်သင်တန်း ၁၂ ပတ်တက်ရောက်ပြီးနောက် ပုသိမ်ကြီးမြို့နယ်ရှိ ခမရ ၁၁၉ တပ်ရင်းသို့ ပို့ဆောင်ခံရပြီး စစ်ကိုင်း တပ်မ ၃၃ တွင် ယာယီနေထိုင် နေစဉ် လျှပ်စီးတပ်ခွဲနှင့် ချိတ်ဆက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ယခင်က တစ်ကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ပြန်ဖမ်းဆီးခံခဲ့ရပြီး ယခုအကြိမ်တွင် ဒုတိယအကြိမ် အောင်မြင်ခဲ့ ကာ လက်ရှိ မိသားစုထံ အပ်နှံပေးထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်စစ်တပ် အတွင်းမှ ပြည်သူနှင့် ပူးပေါင်း အလင်းဝင်လိုသော စစ်သားများနှင့် စစ်မှုထမ်းသစ်များကို တော်လှန်ရေးတပ်ဖွဲ့များက ဖိတ်ခေါ်ကြိုဆိုနေကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း တပ်ခွဲမှ ကိုမိုးကြိုးက ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်း တကောင်းမြို့အဝင်အထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိပြီး တိုက်ပွဲပြင်းထန်နေ

မတ် ၉
The Kaladan Post
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တကောင်းမြို့ကို ဦးတည်လာသော စစ်ကောင်စီတပ်ဖွဲ့များ ၏ စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့အထိ တကောင်းမြို့အဝင်အထိ ရောက်ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆို သည်။ မတ်လ ၆ ရက်နေ့က ရေယာဉ်ကျေးရွာကို ရောက်ရှိခဲ့သော စစ်ကြောင်းသည် ယခုအခါ တကောင်းမြို့ အဝင်လမ်းဆုံနှင့် မိုင်အနည်းငယ်အကွာအထိ တိုးချဲ့လာခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီး ဌာန (MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်နေသော BLDF ရဲဘော်များ လည်း ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ တကောင်းမြို့သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နောက်ဆုံးလက်ကျန်မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ စစ်ရေးအချက်အချာကျသော နေရာတစ်ခုဖြစ်သည်။ စ်ကောင်စီတပ်ဖွဲ့များက တွင်းငယ်-တကောင်း လမ်းကြောင်းတစ်လျှောက် ရွာစဉ်လိုက် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ကာ ရွေ့လျားလာခဲ့ပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်မှုနှင့် ကြာရှည်နိုင်သည့် အရိပ်အယောင်များ ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားသည်။ သို့သော် စစ်ကောင်စီ၏ သမာဓိကျသော ထုနှင့် တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကျိုးမဲ့ ခံစစ်ပြင်ဆင်မည်မဟုတ်ဘဲ ယာယီ ဆုတ်ခွာပေးနိုင်ကြောင်း၊ ထိုသို့ လက်လွှတ်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်ကြောင်း အသိပေးထားသည်။ စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်အင်အား ပုံမှန်တိုးလာနေ သကဲ့သို့ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း အင်အားဖြည့်တင်းရန် လိုအပ်ကြောင်း၊ အရေအတွက်ထက် အရည်အချင်းပြည့်မီသူများကို မွေးထုတ်ကာ နည်းဗျူဟာမြောက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ဆက်လက် အသိပေးထားသည်။


ကွတ်ခိုင်မြို့တွင် MNDAA နှင့် TNLA စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ဒေသခံများ အခက်အခဲကြုံ

မတ် ၉
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ကြား စစ်ရေးတင်းမာမှုနှင့် စုဖွဲ့မှုများ ဆက်လက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့ပေါ်တွင် MNDAA တပ်ဖွဲ့ဝင်များက CCTV တပ်ဆင်ရန် ကြိုးပမ်းမှုကြောင့် TNLA က စီးနင်းဖမ်းဆီးခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှု၊ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တင်းမာနေဆဲဖြစ်သည်။ TNLA က မြို့တွင်း၌ အင်အား ၄၀၀-၅၀၀ ခန့် ချထားပြီး MNDAA က မြို့ပတ်လည်တွင် အင်အား ၁၀၀၀ ခန့်ဖြင့် ဝိုင်းထားသည့် အနေအထားရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်မှုများ ကြောင့် ကုန်စည်စီးဆင်းမှု ထိခိုက်ကာ ပြည်သူတွေ ခက်ခဲကြုံ‌နေရပြီး မဟာမိတ်အချင်းချင်း ဒီလိုလုပ်နေရတာဟာ မဖြစ်သင့်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းမှုအချို့ ပြုလုပ်ခဲ့သော်လည်း ပြဿနာ အပြည့်အဝ မဖြေရှင်းရသေးဘဲ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဦးဆောင်အဖွဲ့ ဝ တပ်မတော် (UWSA) က နှစ်ဖက် ကျည်မပစ်ဖို့ သတိပေးထားကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ထီးပုလုကျေးရွာတွင် စစ်တပ်က ပြည်သူ ၃၀ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်

မတ် ၉
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ထီးပုလုကျေးရွာအုပ်စုအတွင်း မတ်လ ၅ ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့ ခမရ-၂၆၄ နှင့် ပူးပေါင်းစစ်ကြောင်းက လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ဝင် ရောက်တိုက်ခိုက်မှုများဖြင့် ပြည်သူများကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့ကြောင်း Karen Peace Support Network (KPSN) က သတင်းထုတ်ပြန်သည်။ စစ်တပ်က ဒရုန်းနှင့် တိုက်လေယာဉ်များအသုံးပြု၍ ကျောင်းကုန်းနှင့် ဒါးဆိပ်ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၈ ဦး ထပ်မံ သေဆုံးကာ တစ်ရက်တည်းတွင် ပြည်သူ ၃၀ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် အသက် ၈ နှစ်မှ ၆၀ နှစ်အထိ ကလေးငယ်များနှင့် အဘွားအိုများ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် စစ်ကြောင်းက ထီးပုလုကျေးရွာအတွင်း ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးခဲ့ရာ အမျိုးသား ၅ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ပြီး ရွာသားပေါင်း ၁၆၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ကျေးရွာစာသင် ကျောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် KPSN က ဆိုသည်။

စစ်တပ်၏ စက်သုံးဆီ ချွေတာရေး မဟာစီမံချက်ကြောင့် ရွှေဘိုတွင် ၄ ဆ နီးပါး မြင့်တက်

မတ် ၉
The Kaladan Post
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်တပ် ထုတ်ပြန်ခဲ့သော စက်သုံးဆီရောင်းချမှု ကန့်သတ်ချက်များ ကြောင့် လမ်းဘေးဆိုင်များနှင့် မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၁၀,၀၀၀ ကျော်အထိ စျေးတက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရွှေဘိုမြို့ပေါ်ရှိ BOC အပါအဝင် ဆိုင်ကြီးများတွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၃,၁၀၀ ဝန်းကျင်သာ ရရှိသော်လည်း ယာဉ်အမျိုးအစားအလိုက် အကန့်သတ် ဖြင့် ရောင်းချနေရသဖြင့် နေ့စဉ် တန်းစီဝယ်ယူသူ ထောင်နီးပါးရှိနေကြောင်း သိရသည်။ ဆိုင်ကယ် ၁ စီး ၅,၀၀၀ ကျပ်၊ အိုးဝေ/သုံးဘီး ၁၀,၀၀၀ ကျပ်၊ အိမ်စီးကား ၃၀,၀၀၀ ကျပ် စသည်ဖြင့် ကန့်သတ်ထား ကာ ဆိုင်များသည် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချရန် ညွှန်ကြားချက်ရှိကြောင်း သတင်း ရင်းမြစ်က ပြောဆိုသည်။ ဆိုင်ကြီးများတွင် တန်းစီဝယ်ယူရ ခက်ခဲသဖြင့် ပြင်ပတွင် တဆင့်ပြန်ရောင်း ချသူများက ကျပ် ၁၀,၀၀၀ ကျော်ဖြင့် ရောင်းချနေကြပြီး ယခင်က ကျပ် ၄,၅၀၀ ဝန်းကျင်မှ မတ်လ ၅ ရက်နောက်ပိုင်း ကျပ် ၁၂,၀၀၀ အထိ တက်လာခဲ့ကြောင်း ဒေသတစ်ဦးက ပြောဆိုသည်။ စစ်တပ်က အရှေ့အလယ်ပိုင်း စစ်ပွဲများကြောင့် လောင်စာဆီ တင်သွင်းမှု ထိခိုက်နေသည်ဟု ဆိုကာ ကန့်သတ် ချက်များ ထုတ်ပြန်ခဲ့ပြီး မတ်လ ၇ ရက်မှ စ၍ စုံ-မ နံပါတ်အလိုက် ယာဉ်မောင်းနှင်ခွင့် ကန့်သတ်မှု များလည်း စတင်ခဲ့သည်။


ပဲခူးတိုင်း သဲကုန်းမြို့နယ် ပျူစောထီးခေါင်းဆောင် ခင်စိုး နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

မတ် ၉
The Kaladan Post
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ကြိုပင်သာရွာအုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးခေါင်းဆောင် ခင်စိုးသည် မတ်လ ၈ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ၎င်း၏နေအိမ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-၃၆၀၁ တပ်ရင်း) ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်းထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း PPDF-၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပစ်ခတ်ချိန်တွင် ခင်စိုးသည် မိသားစုနှင့်အတူ နေအိမ်တွင်ရှိနေပြီး ထွက်ပြေးရန် ကြံစည်ခဲ့သဖြင့် ခြံဝင်းအတွင်း ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆို သည်။ ပစ်ခတ်မှုအပြီး ည ၁၁ နာရီဝန်းကျင်တွင် စစ်သားများ ရောက်ရှိလာကာ ရုပ်အလောင်းကို သယ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့ မနက်အစောပိုင်းတွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ပျူစောထီးခေါင်းဆောင် ခင်စိုးသည် စစ်တပ်အတွက် စစ်မှုထမ်းကြေး လစဉ်ကောက်ခံခြင်း၊ ထောက်ခံစာ တစ်စောင်လျှင် ကျပ် ၂၀,၀၀၀ တောင်းခံခြင်း၊ ပေါ်တာဆွဲရာတွင် စစ်တပ်နှင့်အတူ ပါဝင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စုဆောင်း၍ စစ်တပ်ထံ ပေးပို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တပ်ရင်းက ဖော်ပြထားသည်။ ထို့အပြင် ၎င်း၏ သတင်းပေးမှုကြောင့် ပြည်သူ ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး နေအိမ်မှ တံဆိပ်တုံးနှင့် ထောက်ခံစာလုပ်ပေးရန် စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သဲကုန်းမြို့နယ် ဗောဓိကုန်းရွာအနီး စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး

မတ် ၉
The Kaladan Post
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် မတ်လ ၆ ရက်နေ့က သဲကုန်းမြို့မှ နယ်မြေရှင်းလင်းရန် ထွက်လာသော ထော်လာဂျီ ၂ စီးပါ စစ်သား ၂၅ ဦးပါ စစ်ကြောင်းကို ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ သဲကုန်းပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် ပြည်ခရိုင်တပ်ရင်း(၁) တပ်ခွဲ(၅) ပူးပေါင်းအဖွဲ့တို့က ဗောဓိကုန်းရွာ အနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကြောင်းသည် ဗောဓိကုန်း ရွာသို့ ရောက်ရှိလာစဉ် ကင်းထောက်ဒရုန်းဖြင့် ကင်းထောက်နေချိန်တွင် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့က ဒရုန်းကို ပစ်ချနိုင်ခဲ့ပြီးနောက် ဒရုန်းရှာဖွေရန် ထွက်လာသော စစ်သားများနှင့် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် သေဆုံးသူ အလောင်းနှင့် ဒဏ်ရာရသူများကို သယ်ထုတ်ပြန်ဆုတ်လာသော စစ်ကြောင်းကို ဗောဓိကုန်းရွာအနီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး ၂ ဦး ထပ်မံ သေဆုံးနိုင်ကြောင်း ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်ဇာနည်သွေးက ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က နင်းမိုင်းများ ထောင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့ကြသည်။


ပျူစောထီးခေါင်းဆောင်ထံ လိုင်စင်မဲ့ကား ပို့ဆောင်သော ဆေးတပ်ဗိုလ်ကြီး ဘိုဘိုနှင့် ယာဉ်မောင်း ဖမ်းဆီးခံရ

မတ် ၉
The Kaladan Post
မကွေးတိုင်း၊ ချောက်-ဆိပ်ဖြူလမ်းပိုင်းတွင် မတ်လ ၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ရှောင်တခင် စစ်ဆေးရေးလုပ်နေစဉ် မိတ္ထီလာမြို့မှ ချောက်မြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ လိုင်စင်မဲ့ကား ပို့ဆောင်နေသော ဆေးတပ်ဗိုလ်ကြီး ဘိုဘို (အသက် ၃၇ နှစ်) နှင့် ယာဉ်မောင်း ထက်မြတ်ဦး (အသက် ၂၅ နှစ်) တို့ကို ဧရာဒေါင်းတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ကာ ကားတစ်စီးကိုပါ သိမ်းဆည်းရမိကြောင်း တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး ကိုရှိန်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူ ဗိုလ်ကြီး ဘိုဘိုသည် မင်္ဂလာဒုံမြို့နယ် တပ်မတော်သုံးဆောင်နှင့် ဆေးဘက်ပညာတက္ကသိုလ်တွင် ၂၀၀၇-၂၀၁၀ တက်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စတင်ကာ စစ်မှုထမ်းသက် ၁၆ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ မိတ္ထီလာ အမှတ်(၁) တပ်မတော်ဆေးရုံ (ကုတင် ၅၀၀) တွင် တာဝန်ထမ်းဆောင် နေရာ ရခိုင်တွင် ၇ နှစ်တာဝန်ကျခဲ့ပြီးနောက် လက်ရှိ မိတ္ထီလာတွင် ရှိနေသည်။ သူသည် လစာအပြင် အောက်ဆိုဒ်စီးပွားရေးအဖြစ် ပျူစောထီးခေါင်းဆောင် စိန်နားကပ်ထံ လိုင်စင်မဲ့ကားများ ကယ်ရီ ပို့ဆောင်ပေးနေကာ ယခုအထိ ၃ စီး ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ ဧရာဒေါင်းတပ်ဖွဲ့က ဖမ်းဆီး ရမိမှုသည် စစ်တပ်နှင့် ပျူစောထီးများအကြား လိုင်စင်မဲ့ ကားများ ပို့ဆောင်ရာတွင် ပါဝင်နေသော စစ်သားများ၏ အောက်ဆိုဒ်စီးပွားရေးလုပ်ငန်းများကို ထိရောက်စွာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

လယ်ကဆောမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး ၁၀ ဦး ဒဏ်ရာရ

မတ် ၉
The Kaladan Post
မတ်လ ၉ ရက်၊ ၂၀၂၆ တွင် တနင်္သာရီတိုင်း၊ လယ်ကဆောမြို့နယ်အတွင်း လေညာ-ရတနာပုံ လမ်းပိုင်း (ဘုတ်ပြင်းမြို့နယ်အတွင်း) မိုင်တိုင် ၅ မိုင်အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ တပ်ရင်း(၂၀၃) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ခမရ (၅၅၉)၊ (၅၆၀)၊ (၃၅၈) နှင့် (၂၂၄) တပ်ရင်းများ ပါဝင်သော စစ်ကြောင်းသည် ရတနာပုံနယ်စပ်ရှိ တပ်စခန်းသို့ အင်အားဖြည့်ရန်နှင့် ရိက္ခာပို့ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တော်လှန်ရေးနယ်မြေထဲ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ရှင်းပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး (အလောင်း ၄ လောင်း ရရှိ)၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး MA1 တစ်လက်၊ MA3 နှစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် ရှေ့ဆက်မတိုင်းနိုင်ဘဲ လေညာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ လက်ရှိတွင် KNLA တပ်မဟာ(၄) တပ်ရင်းဖွဲ့များသည် ကစယ်ဒို (သရက်ချောင်း) မြို့နယ်တွင်လည်း စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေး ပြုပြင်ပြောင်းလဲရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းဟု NUG ပြော

မတ် ၉
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးတွင် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ယနေ့ ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် ဒေါက်တာဇော်ဝေစိုးက အတွင်းပြုပြင်ပြောင်းလဲရေး (Internal Reform) နှင့် ပြင်ပပြုပြင်ပြောင်းလဲရေး (External Reform) များကို တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး လုပ်ဆောင်လျက်ရှိကြောင်း ရှင်းပြခဲ့သည်။ အထူးသဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂွန်မော်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်နေကြောင်း ဖော်ပြခဲ့သည်။ ဂွန်မော်ကိုယ်တိုင်ကလည်း ဖေဖော်ဝါရီ ၈ ရက်က ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် NUG အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများနှင့် လက်တွဲ ဆောင်ရွက်နေကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီစွာ စုစည်းညီညွတ်စွာ လျှောက်လှမ်းရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။