ဇူလိုင် ၂၅၊ ၂၀၂၆
The Kaladan Post
ယူကရိန်းနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ဒရုန်း (မောင်းသူမဲ့လေယာဉ်) တွေ ထုတ်လုပ်မယ့် စက်ရုံကြီးတစ်ခုကို အမေရိကန်ပြည်ထောင်စုမှာ တည်ဆောက်သွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ ဝါရှင်တန်နဲ့ ကိယက်ဗ်ကြားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်သလို နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် “Win-win” သဘောတူညီချက် ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။
အမေရိကန် ဘလော့ဂါ Laura Loomer နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သမ္မတ ဇလန်းစကီးက “အင်မတန် အရေးကြီးတဲ့ နည်းပညာတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အမေရိကန်မှာလည်း ကောင်းမွန်တဲ့ နည်းပညာတွေ ရှိနေတာပါ။ ကျွန်တော်တို့ရဲ့ ဒရုန်းသဘောတူညီချက်ဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမှာဖြစ်ပြီး အမေရိကန်မှာ အကြီးစား ဒရုန်းထုတ်လုပ်ရေး စက်ရုံကြီးတစ်ခုကို တည်ဆောက်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး လက်ရှိ ယူကရိန်းထုတ် ဒရုန်းတွေဟာ ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၈၀၀ ကျော်) အထိ ပျံသန်းနိုင်နေပြီဖြစ်ပြီး နောင်မှာ ဒီထက်ပိုဝေးတဲ့ အကွာအဝေးအထိ ပျံသန်းနိုင်အောင် နည်းပညာတွေ မြှင့်တင်နေတယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ အချိုးမညီစစ်ပွဲ (Asymmetric warfare) ဆင်နွှဲဖို့အတွက် ဒရုန်းနည်းပညာသစ်တွေကို အရှိန်အဟုန်နဲ့ တီထွင်ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ [အိမ်ဖြူတော်] အရာရှိတစ်ဦးရဲ့ အဆိုအရ လာမယ့် အင်္ဂါနေ့မှာ သမ္မတ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး အဲဒီမတိုင်ခင်မှာ အခု ဒရုန်းစက်ရုံ စီမံကိန်းရဲ့ အသေးစိတ် အချက်အလက်တွေကို နှစ်ဖက်အရာရှိတွေက ညှိနှိုင်းနေကြပြီလို့ သိရပါတယ်။
ဒါ့အပြင် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ “Drone Dominance” အစီအစဉ်မှာ ပါဝင်ဖို့အတွက် ယူကရိန်းကုမ္ပဏီ ၆ ခုဟာ အမေရိကန်ဆီ ဒရုန်းတွေ တင်ပို့ရောင်းချဖို့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။ အခု ဒရုန်းစက်ရုံ စီမံကိန်းဟာ နှစ်နိုင်ငံကြား နည်းပညာဖလှယ်ရုံတင်မကဘဲ ရုရှားရဲ့ ကျူးကျော်မှုကို ဟန့်တားဖို့အတွက်ပါ ရည်ရွယ်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်နိုင်ငံစလုံးက ပူးတွဲထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် အခြေခံမူဘောင်တွေကို သဘောတူ လက်မှတ်ရေးထိုးထားကြပြီ ဖြစ်ပါတယ်။
သတင်းရင်းမြစ် – Reuters