စက်တင် ၁၂၊ ၂၀၂၆
The Kaladan Post
ယီမင် ဟူသီလက်နက်ကိုင်များက ဘပ်ဘ်အယ်လ်မန်ဒက်ဘ် (Bab el-Mandeb) ရေလက်ကြားရှိ မဟာဗျူဟာမြောက် ပယ်ရင်မ် (Perim) ကျွန်းကို ထိန်းချုပ်လိုက်ပြီးနောက် ဆော်ဒီအာရေးဗီးယား၏ အဓိက အရှေ့-အနောက် ရေနံပိုက်လိုင်းလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ ယာယီ ရပ်ဆိုင်းသွားခဲ့ရပါတယ်။
အစိုးရတပ်ဖွဲ့များသည် ပယ်ရင်မ် ကျွန်းမှ ဆုတ်ခွာပေးခဲ့ရပြီး ဟူသီတို့က အဆိုပါ ကျွန်းနှင့် မျက်နှာချင်းဆိုင်ရှိ ပင်လယ်နီ ကမ်းရိုးတန်းမြို့ဖြစ်သော ဒူဘတ်ဘ် (Dhubab) ကိုပါ သိမ်းပိုက်ခဲ့ကြောင်း ယီမင် အစိုးရ သတင်းရင်းမြစ်များက ဆိုပါတယ်။ ဟူသီတို့၏ ယခု ထိုးစစ်ကြောင့် ကမ္ဘာ့အဓိက ရေကြောင်းလမ်း ၂ ခုဖြစ်သည့် ဟော်မုဇ် ရေလက်ကြားနှင့် ဘပ်ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားတို့တွင် အီရန်က စစ်ရေး အသာစီး ရရှိလာစေနိုင်ပါတယ်။
အခြားတစ်ဖက်တွင်လည်း အီရတ်နိုင်ငံဘက်မှ လာသည့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရသဖြင့် ရီယာဒ်နှင့် မဒီနာ ဒေသများရှိ ဆော်ဒီ အရှေ့-အနောက် ရေနံပိုက်လိုင်း လည်ပတ်မှုကို ယာယီ ရပ်ဆိုင်းထားရကြောင်း ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကီလိုမီတာ ၁,၂၀၀ ရှည်လျားသည့် အဆိုပါ ပိုက်လိုင်းသည် တစ်ရက်လျှင် စည်ပိုင်း ၄ သန်းမှ ၅ သန်းအထိ သယ်ယူပို့ဆောင်ပေးနေသည့် ဆော်ဒီ၏ အဓိက အစားထိုး ရေနံတင်ပို့ရာ လမ်းကြောင်း ဖြစ်ပါတယ်။
တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများသည် မေလလယ်ပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဘီပါလျှင် ဒေါ်လာ ၁၀၀ ကျော်တွင် ဆက်လက် ရှိနေပါတယ်။ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် က ဟူသီများကို တိုက်ခိုက်ရန် အမေရိကန် စစ်ရေး အကူအညီ ရရှိရေး သမ္မတ ထရမ့်ထံ အနည်းဆုံး နှစ်ကြိမ် ဖုန်းဆက် တောင်းဆိုခဲ့သော်လည်း အမေရိကန်က တိုက်ရိုက် စစ်ရေးဆောင်ရွက်မှု မပြုဘဲ ထောက်လှမ်းရေး အချက်အလက်များကိုသာ ကူညီပေးမည်ဟု အကြောင်းပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၁ နှစ်ပတ်လည် မိန့်ခွန်းတွင် သမ္မတ ထရမ့်က အီရန်ကို “ကမ္ဘာ့ နံပါတ်တစ် အကြမ်းဖက် ထောက်ပံ့သူ” ဟု ပြောဆိုခဲ့ရာ အီရန် သမ္မတ မာဆော့ဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က ဖေဖော်ဝါရီလက စာသင်ကျောင်းကို ဗုံးကြဲခဲ့သည့် မိစ္ဆာများထံမှ စွပ်စွဲချက်သာဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ယီမင် အစိုးရတပ်ဖွဲ့များကလည်း ဟူသီတို့ သိမ်းပိုက်သွားသည့် မိုခါ (Mocha) မြို့နှင့် ပယ်ရင်မ် ကျွန်း အပါအဝင် မဟာဗျူဟာမြောက် ဒေသများကို ပြန်လည် သိမ်းပိုက်ရန် စစ်ဆင်ရေးများ ပြုလုပ်သွားမည်ဟု ကြေညာထားပါတယ်။
Source – Reuters