ဩဂုတ် ၁၊ ၂၀၂၆

The Kaladan Post

အာဆီယံနဲ့ တရုတ်နိုင်ငံကြား စမတ်မြို့ပြများ တည်ဆောက်ရေး၊ သက်သာသော အိမ်ရာများ ဖော်ဆောင်ရေးနဲ့ ရေရှည်တည်တံ့မယ့် မြို့ပြဖွံ့ဖြိုးရေးတို့အတွက် အဓိက ကဏ္ဍကြီး ၃ ခုမှာ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောကင်ဟွန် (Dr. Kao Kim Hourn) က တိုက်တွန်းလိုက်ပါတယ်။ မလေးရှားနိုင်ငံ၊ အီပို့ (Ipoh) မြို့မှာ ဩဂုတ်လ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးနှင့် အိမ်ရာဆိုင်ရာ ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲ (ACMROCH 2026) တွင် အာဆီယံ အတွင်းရေးမှူးချုပ်က အခုလို မိန့်ခွန်းထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း မြို့ပြများ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ အိမ်ရာဈေးနှုန်း ကြီးမြင့်မှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာမှု၊ ရာသီဥတု အန္တရာယ်များနှင့် လူမှုရေး မညီမျှမှုများ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပါတယ်။ ဒေါက်တာ ကောကင်ဟွန် က “ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ရာသီဥတုနဲ့ ညီညွတ်တဲ့ အခြေခံအဆောက်အအုံတွေ၊ ထိရောက်တဲ့ မြေအသုံးချမှုတွေနဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကို စနစ်တကျ အသုံးပြုသွားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အရည်အသွေးမီပြီး သက်သာတဲ့ အိမ်ရာတွေကို ပြည်သူတွေ လက်လှမ်းမီအောင် ဖန်တီးပေးရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်အတွက် အတွင်းရေးမှူးချုပ်က ဦးစားပေး ကဏ္ဍကြီး ၃ ခုကို အဆိုပြုခဲ့ပါတယ်။ ပထမချက်အနေဖြင့် မြို့ပြအရာရှိများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဒုတိယအချက်အနေဖြင့် မြို့ချင်းဆက် ပူးပေါင်းဆောင်ရွက်ရေး (City-to-City Partnerships) နှင့် တတိယအချက်အနေဖြင့် နည်းလမ်းသစ်များဖြင့် ရန်ပုံငွေ ရှာဖွေရေး (Innovative Financing) တို့ ဖြစ်ကြပါတယ်။ [အာဆီယံ အတွင်းရေးမှူးချုပ်ရုံး] ရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) တွင် မြို့ပြသစ် ပြန်လည်ဆန်းသစ်ရေးကို အထူးဦးစားပေး လုပ်ဆောင်နေသဖြင့် အဆိုပါ အတွေ့အကြုံများကို အာဆီယံ စမတ်မြို့ပြ ကွန်ရက် (ASCN) နှင့် မျှဝေပေးရန်လည်း တိုက်တွန်းထားပါတယ်။

မလေးရှားနိုင်ငံ အီပို့မြို့နှင့် တရုတ်နိုင်ငံ နန်နင်း၊ ဒါလီယန်း မြို့များအကြား ချုပ်ဆိုထားသည့် မိတ်ဖက် ဆက်ဆံရေးများကို နမူနာယူ၍ အာဆီယံ၏ မြို့ကြီး ၃၈ မြို့တွင် တိုးချဲ့ကျင့်သုံးရန် တိုက်တွန်းခဲ့သလို၊ Green Bonds နှင့် Public-Private Partnerships (PPPs) ကဲ့သို့သော ဘဏ္ဍာရေး နည်းလမ်းသစ်များကိုလည်း အတူတကွ ရှာဖွေသွားကြရန် အဆိုပြုခဲ့ပါတယ်။ အခုကျင်းပသည့် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကိုလည်း အာဆီယံနှင့် တရုတ်နိုင်ငံကြား တရားဝင် အမြဲတမ်း စနစ်တစ်ခုအဖြစ် သတ်မှတ်သွားရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးပြောကြားခဲ့ပါတယ်။

သတင်း Source – အာဆီယံ အတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)