စိုးဝင်းဦးဆောင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီသည် စစ်အစိုးရနဲ့ မသက်ဆိုင်ဟု စစ်တပ်ပြော

ဩဂုတ် ၂၄
The Kaladan Post
မင်းအောင်လှိုင်က ဩဂုတ် ၁၃ ရက်မှာ သတ်မှတ်လိုက်တဲ့ ပြည်ထောင်စုအဆင့် အင်္ဂါစဉ်စာရင်းမှာ စိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို လုံးဝထည့်သွင်းထားခြင်းမရှိဘူးလို့ ချန်လှပ်ထားကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ အဆိုပါ အင်္ဂါစဉ်စာရင်းကို အဆင့် ၅၀ အထိ သတ်မှတ်ထားပြီး အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ စစ်တပ်နဲ့ အခြားအဆင့်မြင့်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို အသေးစိတ် ထည့်သွင်းဖော်ပြထားပါတယ်။
ဒါပေမယ့် စိုးဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီနဲ့ ကောင်စီဝင်တွေကို တော့ အင်္ဂါစဉ်ထဲမှာ မပါဝင်စေထားတာကြောင့် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတာဖြစ်နိုင်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားပါတယ်။ အဆိုပါကောင်စီကို မင်းအောင်လှိုင်က ဧပြီ ၁၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး စိုးဝင်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေမှာ အကြံပေးဖို့ ရည်ရွယ်ထားတာလို့ ဆိုထားပါတယ်။
ဒါပေမယ့် ကောင်စီဖွဲ့စည်းပြီးနောက် ရုံးဖွင့်ပွဲနဲ့ စိုးဝင်းရဲ့ နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံမှုအချို့ကို စစ်ကောင်စီထိန်းချုပ်မီဒီယာတွေက ထင်ရှားစွာ ဖော်ပြခြင်းမရှိသလို လက်ရှိအခြေအနေအရ စိုးဝင်းဟာ စစ်ဘက်ရာထူးတွေကနေ ဖယ်ရှားခံရပြီးနောက် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံထားရပေမယ့် ပြည်ထောင်စုအဆင့် အင်္ဂါစဉ်မှာပါ ချန်လှပ်ခံရတာကြောင့် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ အရေးပါမှုလျော့နည်းလာနေတဲ့သဘောဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။


သံတွဲနှင့် ဂွတွင် စစ်တပ်က လေယာဉ် ၁၀ စီးအသုံးပြုပြီး ဗုံးအလုံး ၁၀၀ ခန့် ကြဲချတိုက်ခိုက်

ဩဂုတ် ၂၄
The Kaladan Post
ရခိုင်ပြည်နယ် သံတွဲနဲ့ ဂွမြို့နယ်တွေမှာ စစ်တပ်က လေယာဉ်အများအပြားအသုံးပြုပြီး ဩဂုတ် ၂၁ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အရပ်သားတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ပြောဆိုထားပါတယ်။ သံတွဲမြို့နယ် ငပလီအတွင်းက စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာတွေကို လေယာဉ် ၁၀ စီးအသုံးပြုပြီး ဗုံးအလုံး ၁၀၀ နီးပါး ကြဲချခဲ့တယ်လို့ AA က ပြောဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ တစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး စစ်ဘေးရှောင်တစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ပြောပါတယ်။ အလားတူ ဂွမြို့နယ် ညောင်ချောင်းကျေးရွာမှာလည်း အထက်တန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၈ ဦး ဒဏ်ရာရပြီး ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်သုံးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပဲဆီကြိတ်စက်တစ်လုံး၊ ဆိုင်ကယ်တစ်စီးနဲ့ စက်ဘီးတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပြီး လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#ရခိုင်ပြည်နယ် #သံတွဲမြို့နယ် #ဂွမြို့နယ် #လေကြောင်းတိုက်ခိုက်မှု #မြန်မာ့အရေး

ကံပေါက်ဒေသ သတ္တုလုပ်ငန်းတိုးချဲ့မှုအပေါ် ဒေသကာကွယ်ရေးတပ်ဖွဲ့ သတိပေး

ဩဂုတ် ၂၄
The Kaladan Post
တနင်္သာရီတိုင်း၊ ကံပေါက်ဒေသမှာ Delco သတ္တုတူးဖော်ရေးကုမ္ပဏီအနေနဲ့ ၂၀၀၈ ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး လုပ်ကိုင်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်၊ မြေယာနဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေ ထိခိုက်ခဲ့တယ်လို့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ်-၈၀၀၂ က သတိပေး ထုတ်ပြန်လာပါတယ်။
လက်ရှိမှာလည်း ကုမ္ပဏီက တရုတ်နိုင်ငံသားတွေကို ခေါ်ယူပြီး ကံပေါက်တောင်ပေါ်မှာ အကြီးစား သတ္တုလုပ်ငန်းအတွက် အဆောက်အဦးတွေ ဆောက်လုပ်နေတာသုံးလကျော်ရှိနေပြီဖြစ်ပြီး သတ္တုကြိတ်ခွဲရေးအတွက် သဘာဝဓာတ်ငွေ့အသုံးပြုတဲ့ စက်ရုံတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုထားပါတယ်။
အဲဒီလုပ်ငန်းတွေကြောင့် ဒေသခံတွေဟာ သဘာဝပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ အသက်အိုးအိမ်နဲ့ ကျန်းမာရေးအပြင် ရှေးဟောင်းအမွေအနှစ်တွေ ထပ်မံထိခိုက်နိုင်တာကြောင့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒေသခံတွေရဲ့ ဆန္ဒနဲ့အညီ သတ္တုလုပ်ငန်းတိုးချဲ့မှုတွေကို ရပ်တန့်ဖို့ သတိပေးထားပြီး ဆက်လက်လုပ်ဆောင်ပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် ကုမ္ပဏီဘက်က တာဝန်ယူရမယ်လို့ ထုတ်ပြန်ထားပါတယ်။
#ကံပေါက်ဒေသ #Delco #သတ္တုတူးဖော်ရေး #သဘာဝပတ်ဝန်းကျင် #တနင်္သာရီတိုင်း

ထားဝယ်ခရိုင် အမှတ် (၈၀၀၃) တပ်ရင်း၏ ပထမအကြိမ် စစ်ပညာခြေခံသင်တန်း ပြီးဆုံး

ဩဂုတ် ၂၄
The Kaladan Post
တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက် ထားဝယ်ခရိုင် အမှတ် (၈၀၀၃) တပ်ရင်းက ပထမအကြိမ် စစ်ပညာခြေခံသင်တန်းပြီးဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်လာပါတယ်။ အဆိုပါ သင်တန်းဆင်းပွဲကို ဩဂုတ်လ ပထမပတ်အတွင်း ကျင်းပခဲ့တာဖြစ်ပြီး အခုမှတ်တမ်းတွေကို ပြန်လည် ထုတ်ပြန်လာတာဖြစ်ပါတယ်။
သင်တန်းမှာ စစ်ရေးအခြေခံပညာတွေအပြင် တော်လှန်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အသိပညာတွေကိုပါ သင်ကြားပေးခဲ့တယ်လို့ တပ်ရင်းက ပြောဆိုပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်အနေနဲ့ စစ်ရေးတာဝန် တွေကို နားလည်စွာ ထမ်းဆောင်နိုင်ရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ခံယူချက်တွေကို အလေးထားသင်ကြားပေးခဲ့ကြောင်း သိရပါတယ်။
ထားဝယ်ခရိုင် အမှတ် (၈၀၀၃) တပ်ရင်းဟာ လောင်းလုံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး မေလနဲ့ ဇွန်လအတွင်းမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
#ထားဝယ်ခရိုင် #တနင်္သာရီတိုင်း #အမှတ်၈၀၀၃တပ်ရင်း #စစ်ပညာခြေခံသင်တန်း

Rangoon Warriors PDF က စစ်တပ်အခြေစိုက်စခန်းများကို FPV ဒရုန်းများဖြင့် တိုက်ခိုက်

ဩဂုတ် ၂၄
The Kaladan Post
အမှတ် (၉၉၂၅) တပ်ရင်း Rangoon Warriors PDF က စစ်တပ်အခြေစိုက်စခန်းများကို FPV ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးများမှာ အမှတ် (၃၇) နည်းဗျူဟာ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးများအတွင်း လုပ်ဆောင်ခဲ့ကြောင်း တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုတွေ ကို ဘယ်အချိန်၊ ဘယ်နေရာနဲ့ ဘယ်လိုပုံစံဖြင့် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက် တွေကို လက်ရှိအချိန်မှာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ၎င်းက ဆိုပါတယ်။
ထို့အပြင် စစ်တပ်ဘက်က အသုံးပြုနေတဲ့ ဂျန်ဘာစနစ်တွေကို ကျော်လွှားနိုင်ရေးမှာ နည်းပညာ ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က အရေးပါကြောင်းလည်း Rangoon Warriors PDF တာဝန်ရှိသူက ပြောပါတယ်။ အမှတ် (၉၉၂၅) တပ်ရင်း Rangoon Warriors PDF ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်း PDF အထူးတိုင်းစစ်ဌာနက ထပ်မံဖွဲ့စည်းခဲ့တဲ့ တပ်ရင်းသစ် ၃ ရင်းအနက် တစ်ရင်းဖြစ်ပြီး အထူးတိုင်းစစ်ဌာနအောက်မှာ နည်းဗျူဟာ ၅ ခု၊ တိုက်ခိုက်ရေးတပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့များနဲ့ ပကဖအဖွဲ့များ ပါဝင်ကြောင်း သိရပါတယ်။
အဆိုပါ အထူးတိုင်းစစ်ဌာနဟာ ကရင်၊ မွန်နဲ့ ရေး-ထားဝယ်ဒေသတွေမှာ KNU/KNLA တပ်ဖွဲ့များ အပါအဝင် မဟာမိတ်အင်အားစုများနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေပြီး ပဲခူးနဲ့ ရန်ကုန်ဒေသအချို့မှာလည်း ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။
#RangoonWarriorsPDF #FPVဒရုန်း #အထူးတိုင်းစစ်ဌာန #PDF

ပလက်ဝမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံး ၁၇ ဦးကျော် ဒဏ်ရာရ

ဩဂုတ် ၂၄
The Kaladan Post
ယနေ့ ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို နေ့လယ် ၁၁ နာရီဝန်းကျင်မှာ သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဂျက်ဖိုက်တာ ၂ စီးက ဗုံးတွေနဲ့ ရော့ကတ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်များနဲ့ အသက်အရွယ်ကြီး သူတွေ ပါဝင်ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့ပြင် အာရက္ခတပ်တော် (AA) ကလည်း အာရက္ခဒေသအတွင်း အရပ်သားနေရာတွေကို လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပြီး ဒေသခံပြည်သူတွေကို လေကြောင်းနဲ့ ရေကြောင်းအန္တရာယ် ပိုမိုသတိထားကြဖို့ တိုက်တွန်းထားပါတယ်။

#ပလက်ဝ #စိမ်းညှင်းဝ #ရခိုင်ပြည်နယ် #လေကြောင်းတိုက်ခိုက်မှု

ပေါက်ခေါင်းတွင် စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်ထောင်ချီ အရေးပေါ်အကူအညီလိုအပ်

ဩဂုတ် ၂၄
The Kaladan Post
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းက ကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ပြည်သူပိုင်ပစ္စည်းများ လုယက်ခံရခြင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံထောင်ချီ ရက်ရှည် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ဩဂုတ်လ ၂ ရက်ကစပြီး နယ်မြေရှင်းလင်းရေးအကြောင်းပြု စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ ရွှေကူကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ထို့ပြင် ကြို့ပင်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ဟာ ရွာထဲပြန်မဝင်ရဲဘဲ မိုးတွင်းကာလအတွင်း မိုးဒဏ်၊ ရေဒဏ်နဲ့ ကျန်းမာရေးပြဿနာတွေကြား ဘေးလွတ်ရာမှာ နေထိုင်နေရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရပြီး အိမ်နဲ့ပစ္စည်းတွေ ဆုံးရှုံးခဲ့ကြတာကြောင့် လက်ရှိမှာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အခြေခံလိုအပ်ချက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

#ပေါက်ခေါင်းမြို့နယ် #ပြည်ခရိုင် #စစ်ဘေးရှောင် #ပဲခူးတိုင်း #လူသားချင်းစာနာမှု