ဩဂုတ် ၂၄၊ ၂၀၂၆
The Kaladan Post
၂၀၃၅ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၃.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည့် နယ်သာလန် အစိုးရ၏ အစီအစဉ်သည် ကာကွယ်ရေး ကုမ္ပဏီများကို စိစစ်ရေးဆိုင်ရာ သဘောထား ကွဲလွဲမှုများကြောင့် ပြည်တွင်း အာမခံ ကုမ္ပဏီကြီးများနှင့် ဆွေးနွေးပွဲများ စက်ဆိုင်းသွားခဲ့ရကြောင်း တနင်္လာနေ့ (ဩဂုတ်လ ၂၄ ရက်) တွင် သိရပါတယ်။
ယူရို ၄၅၅ ဘီလီယံ ပိုင်ဆိုင်ထားသည့် အာမခံ လုပ်ငန်းများကို ကိုယ်စားပြုသော နယ်သာလန် အာမခံ အသင်းက ကာကွယ်ရေး ကဏ္ဍတွင် စိစစ်မှုများ ပြုလုပ်ရန် ကျွမ်းကျင်မှု လိုအပ်နေသည်ဟု ဆိုပါတယ်။ အသင်း၏ ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့အနေနဲ့ ဒီကိစ္စအတွက် အစိုးရကို လိုအပ်ပါတယ်။ ကာကွယ်ရေးဟာ ကျွန်တော်တို့အတွက် ပွင့်လင်းမြင်သာမှု မရှိတဲ့ စက်မှုလုပ်ငန်းတစ်ခု ဖြစ်ပြီး အစိုးရဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ရှိနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
နယ်သာလန် အာမခံ အသင်းမှ မူဝါဒဆိုင်ရာ အကြံပေး ဒဲနစ် ဟိုင်းနင်း (Deniis Heijnen) က “ကာကွယ်ရေးဆိုတာ ပုံရိပ်ဆိုးတစ်ခု မဟုတ်တော့ပါဘူး… ဒါပေမဲ့ ပိုမို ကြီးမားတဲ့ ခြေလှမ်း လှမ်းချင်ရင်တော့ အစိုးရဆီက အပိုဆောင်း အချက်အလက်တွေ အမှန်တကယ် လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။ အာမခံ ကုမ္ပဏီများသည် တိုက်ရိုက် ရှယ်ယာ ဝယ်ယူခြင်းထက် အစိုးရက ထုတ်ဝေသည့် ကာကွယ်ရေး ခံဝန်ချုပ် (Bond) များကိုသာ ပိုမို လိုလားကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် နယ်သာလန် ကာကွယ်ရေး စက်မှုအသင်း (NIDV) မှ အမှုဆောင်အရာရှိချုပ် ဟန်းစ် ဟိုင်ဂင် (Hans Huigen) က “ပင်စင်ရန်ပုံငွေတွေနဲ့ အာမခံကုမ္ပဏီတွေလို အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံရမယ့် ပမာဏဟာ သေးငယ်လွန်းတယ်လို့ ခံစားကြရပါတယ်” ဟု ပြောကြားခဲ့ပြီး အကျိုးအမြတ် မြှင့်တင်ရေးထက် စွန့်စားရမှုကို လျှော့ချရေးကသာ အဓိက ဖြစ်သည်ဟု ဆိုပါတယ်။
Source – Reuters