မြိုင်မြို့နယ်ရှိ ဘောင့်ဘင်ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး
ဩဂုတ် ၃
The Kaladan Post
မကွေးတိုင်း မြိုင်မြို့နယ် အနောက်ပိုင်းရှိ ဘောင့်ဘင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပြီး၊ စစ်ကြောင်းသည် ကျေးရွာမှ မထွက်ခွာမီ နေအိမ်များကို မီးတင်ရှို့ခဲ့သည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာသို့ ဆက်လက်တိမ်းရှောင်နေရကြောင်း သိရပါတယ်။
အဆိုပါစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် ယာကြီးပြင်ကျေးရွာသို့ ဆက်လက်ဝင်ရောက်တပ်စွဲထားပြီး၊ ယခင် ဩဂုတ်လ ၁ ရက်ကလည်း သင်းမကျေးရွာတွင် နှစ်ပတ်နီးပါး တပ်စွဲကာ နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုထားပါတယ်။
ထို့ပြင် စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ယာကြီးကျေးရွာကို ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေအိမ်များနှင့် မော်တော်ယာဉ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
#MyanmarNews #MagwayRegion #SagaingRegion #WarUpdates #BreakingNews
တိုက်လေယာဉ်တစ်စီး ငှက်နှင့်တိုက်မိ၍ အင်ဂျင်မီးလောင်ခဲ့သည်ဟု စစ်ကောင်စီ ပြောဆို
ဩဂုတ် ၃
The Kaladan Post
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ် တစ်စီးသည် လေ့ကျင့်ပျံသန်းနေစဉ် ငှက်နှင့်တိုက်မိကာ အင်ဂျင်မီးလောင်ပြီး ပျက်ကျခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
လေယာဉ်မှူးသည် အရေးပေါ်ထွက်ခွာစနစ် (Ejection System) ကို အသုံးပြု၍ လေထီးဖြင့် အချိန်မီခုန်ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ပြောဆိုထားပါတယ်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေယာဉ်ပျက်ကျသည့်နေရာကို ဝန်းရံထိန်းသိမ်းထားပြီး လေယာဉ်အပျက်အစီးများနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြန်လည်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
သို့သော် ပျက်ကျခဲ့သည့် တိုက်လေယာဉ်၏ အမျိုးအစားနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ ဖော်ပြထားခြင်း မရှိကြောင်း သိရပါတယ်။
#MyanmarNews #Yangon #Hmawbi #MilitaryAircraft
ICRC ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ ပြောဆို
ဩဂုတ် ၃
The Kaladan Post
စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ခဲ့သော်လည်း တွေ့ဆုံသည့်နေရာ၊ ဆွေးနွေးသည့်အကြောင်း အရာနှင့် ကြာမြင့်ချိန်တို့ကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိသေးပါ။
ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် ICRC ကိုယ်စားလှယ်နှင့် တွေ့ဆုံသည့်ပုံများအပြင် ဇွန်လ ၁၉ ရက် နေ့က မွေးနေ့ကိတ်လှီးနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုလည်း တစ်ပါတည်း ဖော်ပြထား ပြီး၊ ယင်းထုတ်ပြန်ချက်အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာက ဆက်လက်စောင့်ကြည့်လျက်ရှိပါတယ်။
တစ်ဖက်တွင်လည်း သားဖြစ်သူ ကင်မ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထား သည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်ရှိလာသည့်တိုင် လွတ်လပ်စွာ အတည်ပြုနိုင်သည့် အသက်ရှင် နေကြောင်း သက်သေအထောက်အထား မရရှိသေးသလို မိသားစုနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်လည်း မရှိသေးကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ထိန်းသိမ်းထားသည့် နေရာဆိုင်ရာ အချက်အလက်များကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက အတည်ပြုနိုင်ခြင်း မရှိသေးသလို၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ထုတ်ပြန်ပေးရန်လည်း မိသားစုဝင်များနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိုင်းအဝိုင်းများက ဆက်လက်တောင်းဆိုနေကြပါတယ်။
#MyanmarNews #AungSanSuuKyi #ICRC #MyanmarPolitics #BreakingNews
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုရလဒ်များကို စစ်ကောင်စီကိုသာ အသိပေးမည်ဟု ICRC ပြောဆို
ဩဂုတ် ၃
The Kaladan Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ခဲ့ခြင်းသည် ပြည်တွင်း၊ ပြည်ပနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆက်တိုက်ဖိအားပေးမှုကြောင့် ရရှိလာသည့် အပြုသဘောဆောင်သော တိုးတက်မှု တစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း က ပြောဆိုပါတယ်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ်သာ သဘောထားမည့်အစား ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး အဖြစ် အသိအမှတ်ပြုသင့်ကြောင်းနှင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် သူမကို ခြွင်းချက်မရှိ လွှတ်ပေးကာ နိုင်ငံရေးဖြေရှင်းမှုတွင် ပါဝင်ခွင့်ရရှိစေရန်လည်း တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်ကလည်း ICRC ၏ တွေ့ဆုံမှုသတင်းကို အတည်ပြုနိုင်မည်ဆိုပါက ငါးနှစ်ကျော်အတွင်း မိခင်နှင့်ပတ်သက်သည့် ပထမဆုံး အပြုသဘောဆောင်သော တိုးတက်မှုဖြစ်ပြီး၊ Proof of Life လှုပ်ရှားမှုတွင် ပါဝင်အားပေးခဲ့သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
၎င်းက ယခုတွေ့ဆုံမှုသည် အရေးကြီးသည့် ပထမခြေလှမ်းသာဖြစ်ပြီး နောက်ထပ် တိုးတက်မှုများ အဖြစ် မိခင်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့်၊ မိသားစုနှင့် တွေ့ဆုံခွင့်၊ ကျန်းမာရေးအခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်သည့် သတင်းအချက်အလက်များ ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ကို ဆက်လက် မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။ ICRC ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှုမှာ ICRC ၏ စံချိန်စံညွှန်းများနှင့် လုပ်ထုံး လုပ်နည်းများအတိုင်း သီးသန့်တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။
ထို့ပြင် တွေ့ဆုံမှုအတွင်း ရရှိခဲ့သည့် အချက်အလက်များနှင့် အကြံပြုချက်များကို ICRC ၏ လျှို့ဝှက်ဆောင်ရွက်မှုမူဝါဒအရ ထိန်းသိမ်းထားသော အာဏာပိုင်များနှင့်သာ မျှဝေသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ လွတ်လပ်မှုကန့်သတ်ခံထားရသူများထံ ဆက်လက်သွားရောက်တွေ့ဆုံနိုင်ရေးနှင့် မိသားစုများနှင့် အဆက်အသွယ်ရရှိစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ICRC က အသိပေးထားပါတယ်။
#MyanmarNews #AungSanSuuKyi #ICRC #HumanRights #BreakingNews
မင်းအောင်လှိုင်ကို ကော်ဇောနီခင်းကြိုဆို ခြင်းထက် တရားမျှတရေး ကြိုးပမ်းမှုများကို အားပေးရန် တောင်းဆို
ဩဂုတ် ၃
The Kaladan Post
Justice For Myanmar (JFM) အဖွဲ့က ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုအား နိုင်ငံတကာတွင် တရားဝင် မှုပေးနေသည့် လုပ်ရပ်များကို ချက်ချင်းရပ်တန့်ကာ မြန်မာပြည်သူများ၏ ဒီမိုကရေစီတောင်းဆိုမှုကို အားပေးထောက်ခံရန် ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။ မင်းအောင်လှိုင် ထိုင်းခရီးစဉ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည့် အစီအစဉ်များသည် စစ်အုပ်စုအတွက် နိုင်ငံရေးတရားဝင်မှု ရရှိစေနိုင်သည့် အခြေအနေကို ဖန်တီးပေးနိုင်ကြောင်း ထောက်ပြထားပါတယ်။
ထို့အပြင် ထိုင်းနိုင်ငံမှတစ်ဆင့် စစ်အုပ်စုထံ စီးဆင်းနေသော ဘဏ္ဍာငွေ၊ လက်နက်၊ လေယာဉ်ဆီနှင့် အခြားစစ်ရေးအထောက်အပံ့ လမ်းကြောင်းများကို ဖြတ်တောက်ရန်၊ ထိုင်းစစ်တပ်၏ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ရပ်ဆိုင်းသင့်ကြောင်း JFM က တောင်းဆိုထားပါတယ်။ စွမ်းအင်ကဏ္ဍတွင် PTTEP နှင့် MOGE တို့၏ ပူးပေါင်းဆောင်ရွက်မှုများက စစ်အုပ်စု၏ ဝင်ငွေအရင်းအမြစ်ကို ဆက်လက် ထောက်ပံ့နေကြောင်း ဖော်ပြထားပြီး၊ ထိုင်းနိုင်ငံသည် စစ်အုပ်စု၏ ဘဏ္ဍာရေးနှင့် စစ်လက်နက်ဝယ်ယူ ရေးအတွက် အရေးပါသည့် ချိတ်ဆက်ရာနေရာတစ်ခု ဖြစ်လာကြောင်း သတိပေးထားပါတယ်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သူများကို အရေးယူရန်နှင့် မင်းအောင်လှိုင် မိသားစု၏ မတရားရရှိထားသည်ဟု ဆိုသော ပိုင်ဆိုင်မှုများကို စုံစမ်းသိမ်းဆည်းရန်လည်း တိုက်တွန်း ထားပါတယ် ။
ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုကို ကော်ဇောနီခင်းကြိုဆို ခြင်းထက် မြန်မာပြည်သူများ၏ ဒီမိုကရေစီ နှင့် တရားမျှတရေး ကြိုးပမ်းမှုများကို အားပေးထောက်ခံ ကာ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တည် ဆောက်ရေးဘက်တွင် ခိုင်မာစွာ ရပ်တည်သင့်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားထားပါတယ်။
#JusticeForMyanmar #Thailand #MyanmarCrisis #HumanRights
ဒေါနအရှေ့ဘက် စစ်မြေပြင်တွင် စစ်တပ်စစ်ကြောင်း အထိအခိုက်များပြားနေ
ဩဂုတ် ၃
The Kaladan Post
ကရင်ပြည်နယ် ဒူးပလာယာခရိုင်၊ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၃) နှင့် ခမရ (၂၁၀) တပ်ဖွဲ့များကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ အထိအခိုက်များပြားခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအပြီး စစ်မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း အများအပြား ကျန်ရှိခဲ့ပြီး MA စီးရီးသေနတ်များ၊ RPG၊ ကျည်ဆန်များ၊ ၆၀ မမ ဗုံးသီးများနှင့် အခြားစစ်အသုံးအဆောင်များကို သိမ်းဆည်းရရှိထားကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်ကာ PDF နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားပါတယ်။ KNU က စစ်ကောင်စီသည် အတင်းအကျပ် စစ်မှုထမ်းစုဆောင်းခံထားရသူများကို ရှေ့တန်းစစ်မြေပြင် သို့ စေလွှတ်နေကြောင်း ထောက်ပြထားပြီး မိမိဆန္ဒမပါဘဲ စစ်မှုထမ်းနေရသူများအနေဖြင့် အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန်လည်း တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း ကျန်ရှိနေသည့် လက်နက်ခဲယမ်းများနှင့် အခြားစစ်ရေးပစ္စည်းများကို ဆက်လက်ရှင်းလင်းသိမ်းဆည်းနေကြောင်း KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
#MyanmarNews #KNU #KNLA #KarenState #WhatsHappeningInMyanmar