ဇူလိုင် ၂၃၊ ၂၀၂၆
The Kaladan Post
ဩစတြေးလျနိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ သိသိသာသာ အားကောင်းလာခဲ့ပြီး ဒါဟာ ငွေဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းတွေကို ထပ်မံတိုးမြှင့်ဖို့ ဖိအားဖြစ်စေတယ်လို့ ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ သိရပါတယ်။ [ဩစတြေးလျ စာရင်းအင်းဗျူရို (ABS)] ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လအတွင်းမှာ အသားတင် အလုပ်အကိုင်သစ်ပေါင်း ၇၆,၃၀၀ အထိ တိုးတက်လာခဲ့ပြီး ဒါဟာ ခန့်မှန်းထားတဲ့ အရေအတွက်ထက် ၅ ဆလောက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
အခုလို အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာတာကြောင့် ဈေးကွက်အတွင်းမှာ ဩစတြေးလျဗဟိုဘဏ် (RBA) အနေနဲ့ လာမယ့် ဩဂုတ်လ ဒါမှမဟုတ် ဒီနှစ်ကုန်ပိုင်းမှာ အတိုးနှုန်း ထပ်မံတိုးမြှင့်ဖို့ အလားအလာ ၉၇ ရာခိုင်နှုန်းအထိ ရှိသွားပြီလို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။ VanEck မှ အဆင့်မြင့်မန်နေဂျာ Cameron McCormack က “ဩစတြေးလျရဲ့ အလုပ်သမားဈေးကွက်ဟာ RBA ကို အသက်ရှူချောင်ခွင့်ပေးမယ့်ပုံ မပေါ်ပါဘူး။ စီးပွားရေးက အလုပ်အကိုင် အပြည့်အဝရှိနေတဲ့ အခြေအနေနား ရောက်နေတာကြောင့် ဗဟိုဘဏ်အနေနဲ့ ငွေဖောင်းပွမှုကိုပဲ အဓိကထား နှိမ်နင်းဖို့ အခွင့်အရေး ရသွားတာပါ” လို့ သုံးသပ်ထားပါတယ်။
လက်ရှိမှာ ဩစတြေးလျရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၄ ဒသမ ၄ ရာခိုင်နှုန်းမှာပဲ တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ အလုပ်လုပ်ချင်သူ အရေအတွက် များပြားလာတာနဲ့ သက်ကြီးရွယ်အိုတွေပါ လုပ်ငန်းခွင်ထဲ ပြန်ဝင်လာကြတာကြောင့် ဖြစ်တယ်လို့ ABS က ဆိုပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့ အရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုတွေကြောင့် ရေနံဈေးနှုန်းတွေ ပြန်တက်လာတာဟာ ဩစတြေးလျရဲ့ ငွေဖောင်းပွမှုနှုန်းကို ပိုမိုမြင့်တက်စေမယ့် အန္တရာယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း ငွေဖောင်းပွမှုနှုန်းဟာ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဒါဟာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ၂-၃ ရာခိုင်နှုန်းထက် အများကြီး ကျော်လွန်နေတာ ဖြစ်ပါတယ်။
IG မှ အကဲခတ် Tony Sycamore က “ဗဟိုဘဏ်အတွက် အဓိက စိုးရိမ်စရာကတော့ အခုလို အလုပ်အကိုင်ဈေးကွက် တင်းကျပ်နေတာဟာ လုပ်ခလစာတွေကို တိုးလာစေပြီး ငွေဖောင်းပွမှုကို ပိုဆိုးသွားစေမှာပါပဲ။ အထူးသဖြင့် ဒီလထဲမှာတင် ရေနံစိမ်းဈေးက ၂၆ ရာခိုင်နှုန်းလောက်အထိ တက်သွားတာကြောင့် ကုန်ဈေးနှုန်း ဖိအားတွေက ပိုပြီး ပြင်းထန်လာနိုင်ပါတယ်” လို့ သတိပေးထားပါတယ်။ ဩစတြေးလျဗဟိုဘဏ်ဟာ ငွေဖောင်းပွမှုကို တိုက်ဖျက်ဖို့အတွက် ယခုနှစ်အတွင်းမှာတင် အတိုးနှုန်းကို ၃ ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်ကာ လက်ရှိမှာ ၄ ဒသမ ၃၅ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။
သတင်း Source: Reuters