စက်တင် ၁၉၊ ၂၀၂၆

The Kaladan Post

အမေရိကန်သို့ လာရောက် အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင် နိုင်ငံခြားသား လုပ်သားများအတွက် H-1B ဗီဇာကြေးကို ဒေါ်လာ ၁၀၀,၀၀၀ အထိ တိုးမြှင့် ကောက်ခံမည့် သမ္မတ အမိန့်ကြေညာချက်ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၈ ရက် သောကြာနေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် အလုပ်ရှင်များသည် နည်းပညာနှင့် အခြားသော ကျွမ်းကျင် ပညာရှင်များကို ခေါ်ယူရန်အတွက် H-1B ဗီဇာ အစီအစဉ်ကို အသုံးပြုကြရပါတယ်။ သမ္မတ ထရမ့်ကမူ အဆိုပါ ဗီဇာကြေးကို မူလ ဒေါ်လာ ၂,၀၀၀ မှ ၅,၀၀၀ ကြား ရှိရာမှ ဒေါ်လာ ၁၀၀,၀၀၀ အထိ အမြဲတမ်း တိုးမြှင့် သတ်မှတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ယင်း အစီအစဉ်သည် တရားရုံးများတွင် ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့သည့် ဇွန်လအတွင်းက ဖက်ဒရယ် တရားသူကြီးတစ်ဦးက အဆိုပါ ဗီဇာကြေး တိုးမြှင့်မှုကို တရားမဝင်ကြောင်း ဆုံးဖြတ်၍ အစိုးရ၏ ကောက်ခံခွင့်ကို တားမြစ်ခဲ့ရာ ယင်းအပေါ် ဘော့စတွန် အယူခံတရားရုံးက ပြန်လည် စိစစ်လျက် ရှိပါတယ်။ ထို့အပြင် အမေရိကန် ကုန်သည်ကြီးများ အသင်း၏ တရားစွဲဆိုမှုကိုလည်း တရားရုံးက စဉ်းစားနေဆဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလက စတင် ထုတ်ပြန်ခဲ့သည့် အဆိုပါ အမိန့်သည် အမေရိကန် ရောက်ရှိနေပြီးဖြစ်သော ကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူများနှင့် လက်ရှိ ဗီဇာ သက်တမ်းတိုးသူများအပေါ် အကျုံးမဝင်ကြောင်း သိရပါတယ်။

၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ခဲ့သည့် H-1B ဗီဇာသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နည်းပညာ ပညာရှင်များကို အဓိက ခေါ်ယူပေးနေခြင်း ဖြစ်ပါတယ်။ ယခုကဲ့သို့ စည်းမျဉ်းများ တင်းကြပ်လာခြင်းကြောင့် Google ၏ မိခင်ကုမ္ပဏီ Alphabet အပါအဝင် ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးများသည် အိန္ဒိယနိုင်ငံတွင်း၌ လုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်ရန် ပြောင်းလဲ ပြင်ဆင်လာကြပါတယ်။

Source – Reuters