ဇွန် ၁၂၊ ၂၀၂၆
The Kaladan Post
ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ် (Elon Musk) ဟာ သူ့ရဲ့ SpaceX ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချခဲ့ရာကနေ ရရှိလာတဲ့ ဓနဥစ္စာတွေကြောင့် ကမ္ဘာ့ပထမဆုံး “ထရီလီယံနာ” (Trillionaire) အဖြစ် မှတ်တမ်းဝင်သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ SpaceX ရဲ့ အများပြည်သူသို့ ရှယ်ယာဦးဦးဖျားဖျား ရောင်းချမှု (IPO) ကနေ စံချိန်တင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အီလွန်မတ်စ်ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၁ ထရီလီယံ (သန်းပေါင်း တစ်သန်း) အထက်ကို ရောက်ရှိသွားတာဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုပါတယ်။
အီလွန်မတ်စ်ဟာ ကားလောက (Tesla)၊ အာကာသလောက (SpaceX)၊ အေအိုင်နည်းပညာ (xAI) နဲ့ ဆိုရှယ်မီဒီယာ (X) စတဲ့ နယ်ပယ်ပေါင်းစုံမှာ ဩဇာလွှမ်းမိုးထားသူ ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ အခုရှယ်ယာတွေ မရောင်းချခင်ကတည်းက သူ့ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၇၈၀ ဘီလီယံဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပြီး၊ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ Alphabet ပူးတွဲတည်ထောင်သူ လာရီပေ့ချ် (Larry Page) ထက် အပြတ်အသတ် သာလွန်နေတာဖြစ်တယ်လို့ သိရပါတယ်။
၎င်းရဲ့ ထူးခြားပြီး ပွင့်လင်းလွန်းတဲ့ စရိုက်ကြောင့် အားပေးထောက်ခံသူ များပြားသလို၊ တစ်ဖက်မှာလည်း ကုမ္ပဏီစီမံခန့်ခွဲမှုပိုင်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေကြောင့် ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ JPMorgan ရဲ့ CEO ဂျေမီဒိုင်မွန်ကတော့ အရင်က အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အီလွန်မတ်စ်ကို “ကျွန်ုပ်တို့ခေတ်ရဲ့ အိုင်းစတိုင်း (Einstein)” လို့တောင် ချီးကျူးပြောဆိုထားပါတယ်။
“အီလွန်မတ်စ်ဟာ အင်တာနက်ယဉ်ကျေးမှုရဲ့ ဗဟိုချက်ဖြစ်လာရုံတင်မကဘဲ ကမ္ဘာ့သမိုင်းမှာ ဘယ်သူမှ မပိုင်ဆိုင်ဖူးတဲ့ ချမ်းသာကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ SpaceX ရဲ့ IPO အောင်မြင်မှုက အခြားသော နည်းပညာကုမ္ပဏီကြီးတွေအတွက်ပါ လမ်းပွင့်သွားစေနိုင်ပြီး၊ အီလွန်မတ်စ်ရဲ့ အာကာသနဲ့ နည်းပညာ အင်ပါယာဟာလည်း ပိုမိုကြီးထွားလာဦးမယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက သုံးသပ်နေကြကြောင်း သိရှိရပါတယ်။
Source: Reuters (Manya Saini, Niket Nishant and Akash Sriram)