ဇွန် ၁၂၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်းမှာ အကြီးအကျယ် လည်ပတ်နေတဲ့ “ကျားဖြန့်” လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ ထိုင်းအစိုးရဟာ အမေရိကန် FBI နဲ့ ပူးပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှောင် ကေ အိုနေးလ်နဲ့အတူ အမေရိကန် FBI ရဲ့ ပူးတွဲဒုတိယညွှန်ကြားရေးမှူးချုပ် အင်ဒရူး ဘိုင်လေတို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်နဲ့ အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေက ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ အဓိကထား ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်က “အခုခေတ်မှာ ဆိုက်ဘာရာဇဝတ်မှုတွေက နယ်နိမိတ်မရှိတော့ဘဲ ပိုပြီး ရှုပ်ထွေးလာပါတယ်။ ဒါကြောင့် ဘယ်နိုင်ငံကမှ တစ်ဦးတည်း ဖြေရှင်းလို့မရဘဲ နည်းပညာနဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန် ဖလှယ်ပြီး FBI လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ” လို့ ပြောကြားထားပါတယ်။
FBI ဘက်ကလည်း ထိုင်းအာဏာပိုင်တွေရဲ့ ထောက်လှမ်းရေးသတင်း မျှဝေမှုနဲ့ မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ ပါဝင်ခဲ့မှုတွေအတွက် အထူးချီးကျူးခဲ့တယ်လို့ သိရပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရာဇဝတ်မှုကနေ ရရှိထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ပြန်လည်သိမ်းဆည်းနိုင်တာနဲ့ လူကုန်ကူးခံရသူတွေကို ကူညီပေးနိုင်တာ စတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုဟာ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် FBI အမျိုးသားအကယ်ဒမီမဟာမိတ်အဖွဲ့ (FBINAA) အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံအပြီးမှာ ထွက်ပေါ်လာတာပါ။ အဆိုပါ ညီလာခံကို နိုင်ငံပေါင်း ၂၆ နိုင်ငံက ရဲတပ်ဖွဲ့ ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် အဖြေရှာခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Thairath