ဩဂုတ် ၅၊ ၂၀၂၆

The Kaladan Post

မင်းအောင်လှိုင်နဲ့ အခုသီတင်းပတ်အတွင်း မတွေ့ဆုံမီ မြန်မာနိုင်ငံနဲ့ “စနစ်တကျ ပြန်လည် ထိတွေ့ဆက်ဆံရေး” (Calibrated re-engagement) လုပ်ဆောင်ကြဖို့ ထိုင်းဝန်ကြီးချုပ် အာနုတင် ချာန်ဗီရပ်ကူးလ် (Anutin Charnvirakul) က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံအဖွဲ့ချုပ် မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အာနုတင်ဟာ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောကင်ဟွန် နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို တို့နဲ့ တွေ့ဆုံပြီးနောက်မှာ အခုလို ပြောကြားခဲ့တာပါ။ ၎င်းက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ဟာ မြန်မာ့အရေးအတွက် အဓိက လမ်းညွှန်မူဘောင် ဖြစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ် အာနုတင် က “ထိုင်းနိုင်ငံအနေနဲ့ စကားပြောဆိုမှုတွေကို လမ်းဖွင့်ထားပြီး မြေပြင်အခြေအနေ အမှန်အတိုင်း တုံ့ပြန်နိုင်မယ့်၊ လက်တွေ့ကျတဲ့ တိုးတက်မှုတွေကို တွန်းအားပေးနိုင်မယ့် စနစ်တကျ ပြန်လည် ထိတွေ့ဆက်ဆံရေး နည်းလမ်းကို တိုက်တွန်းထားတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပုံရတာဟာ ထိုင်းနိုင်ငံက အစဉ်တစိုက် တိုက်တွန်းခဲ့တဲ့ နည်းလမ်းမှန်အတိုင်း ရှေ့ဆက်သွားနေတာကို ပြသနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။ ဝန်ကြီးချုပ် အာနုတင် က “အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒတွေဟာ အခြေခံအကျဆုံး ဖြစ်ပေမဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ လက်တွေ့ကျမှုတွေမှာလည်း ဒီမူဝါဒတွေကို ကျင့်သုံးရပါမယ်” လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အာနုတင်ဟာ လာမယ့် ဩဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ထိုင်းနိုင်ငံဆီ လာရောက်မယ့် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လေ့လာသူတွေကတော့ အခုလို စစ်ကောင်စီနဲ့ ပြန်လည် ထိတွေ့ဆက်ဆံတာဟာ စစ်အစိုးရကို တရားဝင်မှု ပေးရာရောက်သွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။ ပြီးခဲ့တဲ့လကလည်း အာဆီယံအထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေကို ပြန်လည်တက်ရောက်နိုင်ဖို့ဆိုတာ “အလှမ်းဝေးနေဆဲ” ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားထားခဲ့ပါတယ်။

သတင်း Source – Reuters