ဩဂုတ် ၂၅၊ ၂၀၂၆
The Kaladan Post
လာမည့်စက်တင်ဘာလတွင် နယူးဒေလီမြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖိန် သည် ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ တက်ရောက်ဖွယ် ရှိနေပြီး ယင်းသည် ၇ နှစ်အတွင်း အိန္ဒိယသို့ ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ် ဖြစ်လာနိုင်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာ သတင်းဌာနက တနင်္လာနေ့ (ဩဂုတ်လ ၂၄ ရက်) တွင် ဖော်ပြလိုက်ပါတယ်။
စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပမည့် ယခု အစည်းအဝေးအတွက် “တရုတ် အရာရှိတွေဟာ ဟိုတယ်တွေနဲ့ လုံခြုံရေး အစီအစဉ်တွေကို အချောသတ် ပြင်ဆင်နေကြပါတယ်” ဟု အိန္ဒိယ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “တရုတ်နိုင်ငံဟာ BRICS ပူးပေါင်းဆောင်ရွက်မှုကို အလွန် အလေးထားပြီး ယခုနှစ် အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံက ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး ထောက်ခံပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။
၂၀၂၀ ပြည့်နှစ်က နယ်စပ် ပဋိပက္ခတွင် အိန္ဒိယ စစ်သည် ၂၀ ဦးနှင့် တရုတ် စစ်သည် ၄ ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့သော်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တပ်ဖွဲ့များ ရုပ်သိမ်းရေး သဘောတူညီချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အဂျစ် ဒိုဗာလ် (Ajit Doval) သည်လည်း နယ်စပ် ကိစ္စရပ်များ ဆွေးနွေးရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) နှင့် တွေ့ဆုံရန် ပေကျင်းသို့ ရောက်ရှိနေကြောင်း သိရပါတယ်။
Source – Reuters