ဇူလိုင် ၂၈၊ ၂၀၂၆

The Kaladan Post

တရုတ်နိုင်ငံရဲ့ အဆင့်မြင့် အလင်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Zhongji Innolight ဟာ ဟောင်ကောင်စတော့အိတ်ချိန်းမှာ ရှယ်ယာတွေ စတင်ရောင်းချခဲ့ရာကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁ ဘီလီယံ (ဟောင်ကောင်ဒေါ်လာ ၅၃ ဒသမ ၄ ဘီလီယံခန့်) အထိ ရရှိခဲ့ကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂၀၂၆ ခုနှစ်အတွင်း အာရှဒေသရဲ့ ဒုတိယအကြီးမားဆုံးသော ရှယ်ယာရောင်းချမှုဖြစ်သလို ဟောင်ကောင်မှာတော့ ၂၀၁၉ ခုနှစ် Alibaba ကုမ္ပဏီနောက်ပိုင်း ၇ နှစ်အတွင်း အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှု ရရှိခြင်းလည်း ဖြစ်ပါတယ်။

Zhongji Innolight ကုမ္ပဏီဟာ ဒေတာစင်တာတွေ၊ Cloud Computing ကွန်ရက်တွေနဲ့ AI စနစ်တွေမှာ အဓိကအသုံးပြုတဲ့ အဆင့်မြင့် အလင်းလှိုင်းကူးပြောင်းစက် (Optical Transceivers) တွေကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ [LSEG] ရဲ့ အချက်အလက်တွေအရ ဒီနှစ်အတွင်း အာရှမှာ အကြီးမားဆုံး ရှယ်ယာရောင်းချမှုကတော့ ရှန်ဟိုင်းစတော့ဈေးကွက်မှာ ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံအထိ ရရှိခဲ့တဲ့ တရုတ်ချစ်ပ်ပြားထုတ်လုပ်ရေး CXMT ကုမ္ပဏီပဲ ဖြစ်ပါတယ်။

အခုလို တရုတ်နည်းပညာကုမ္ပဏီတွေ ဟောင်ကောင်ဈေးကွက်မှာ အောင်မြင်မှုရနေတာဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြားမှာ တရုတ်နိုင်ငံအနေနဲ့ ကိုယ်ပိုင် AI နည်းပညာ အင်အားစုတွေကို ပြုစုပျိုးထောင်နေတာကို ပြသနေတာပါ။ Zhongji Innolight ရဲ့ အသားတင်အမြတ်ငွေဟာလည်း ယခုနှစ် ပထမသုံးလပတ်အတွင်းမှာတင် အရင်နှစ်ကထက် ၄ ဆနီးပါး မြင့်တက်လာခဲ့ပြီး ယွမ် ၆ ဒသမ ၃၂ ဘီလီယံအထိ ရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ အထူးသဖြင့် AI အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အဓိက သုံးစွဲသူတွေကြောင့် အခုလို ဝင်ငွေတွေ သိသိသာသာ တိုးလာတာဖြစ်ကြောင်း ကုမ္ပဏီက ရှင်းလင်းထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ Zhongji Innolight ရဲ့ ဝင်ငွေ ၆၀ ရာခိုင်နှုန်းကျော်ဟာ အမေရိကန်ဈေးကွက်ကနေ ရရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကုမ္ပဏီကို “တရုတ်စစ်ဘက်ဆိုင်ရာ ကုမ္ပဏီ” စာရင်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ ဒါဟာ အမေရိကန် သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ဆောင်ရာမှာ အဟန့်အတား မဖြစ်စေဘူးလို့ ကုမ္ပဏီဘက်က ယုံကြည်နေပါတယ်။ အခု ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ နည်းပညာသုတေသန လုပ်ငန်းတွေ၊ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွန်ရက် ချဲ့ထွင်ရေးနဲ့ ကုမ္ပဏီအချင်းချင်း ပေါင်းစည်းဝယ်ယူရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

သတင်း Source: Reuters