ဇူလိုင် ၂၈၊ ၂၀၂၆

The Kaladan Post

သြစတြေးလျနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ ဗစ်တိုးရီးယား (Victoria) ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဂျာဆင်တာ အယ်လန် (Jacinta Allan) ဟာ အင်္ဂါနေ့မှာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်လိုက်ပါတယ်။ လာမယ့် နိုဝင်ဘာလ ပြည်နယ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အာဏာရ အလုပ်သမားပါတီ (Labor Party) အနေနဲ့ အပြောင်းအလဲတစ်ခု လုပ်ဆောင်ဖို့အတွက် ဘန်ကယ်ရောလ် (Ben Carroll) ကို ပြည်နယ်ရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် တညီတညွတ်တည်း ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဂျာဆင်တာ အယ်လန်ဟာ ၂၀၂၃ ခုနှစ်မှာ တာဝန်စတင်ယူခဲ့ပေမဲ့ ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေ အားနည်းလာတာကြောင့် လူထုထောက်ခံမှုနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့တာပါ။ အယ်လန်က သတင်းစာရှင်းလင်းပွဲမှာ “ကျွန်မအနေနဲ့ ပါတီတွင်း ခေါင်းဆောင်မှု စိန်ခေါ်မှုကို ဆက်ပြီး ရင်ဆိုင်သွားဖို့ အသင့်ရှိပေမဲ့ ရွေးကောက်ပွဲ နီးကပ်နေချိန်မှာ ပါတီ မတည်မငြိမ် ဖြစ်မှာကို မလိုလားပါဘူး။ ကျွန်မ ဆက်ပြိုင်ရင် နိုင်မယ်လို့ ယုံကြည်ပေမဲ့ အခုလို အချိန်မျိုးမှာ အင်အားတွေနဲ့ အချိန်တွေကို အလဟဿ အကုန်မခံချင်တော့ပါဘူး” လို့ ၎င်းရဲ့ နုတ်ထွက်ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

လက်ရှိ လူထုစစ်တမ်းတွေအရ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဗဟိုလက်ယာယိမ်း လစ်ဘရယ်ပါတီ (Liberal Party) က အနိုင်ရဖို့ အလားအလာ ကောင်းနေပါတယ်။ ဒါပေမဲ့ အယ်လန်ကတော့ “ဒီရွေးကောက်ပွဲမှာ အကြီးမားဆုံး အန္တရာယ်ကတော့ One Nation ပါတီနဲ့ လစ်ဘရယ်ပါတီတို့ ပူးပေါင်းပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့သွားမယ့် အရေးပါပဲ” လို့ သတိပေး ပြောကြားခဲ့ပါတယ်။ လက်ယာစွန်း One Nation ပါတီဟာ လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းကျပ်တဲ့ မူဝါဒတွေကြောင့် လက်ရှိမှာ လူကြိုက်များမှု မြင့်တက်နေတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ပြည်နယ်ကို အလုပ်သမားပါတီက အုပ်ချုပ်လာတာ ၁၂ နှစ်ခန့် ရှိနေပြီဖြစ်လို့ မဲဆန္ဒရှင်တွေကြားမှာ အပြောင်းအလဲကို လိုလားနေကြတာပါ။ ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် ဘန်ကယ်ရောလ် ဟာ အရင်က ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၎င်းအနေနဲ့ အချိန်တိုအတွင်းမှာ ပါတီရဲ့ ပုံရိပ်ကို ပြန်လည် မြှင့်တင်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကြိုးပမ်းမလဲဆိုတာကို နိုင်ငံရေး လေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။

သတင်း Source: Reuters