ဇွန် ၁၁၊ ၂၀၂၆
The Kaladan Post
 
မိုက်ခရိုဆော့ဖ် (Microsoft) တည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ဟာ ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein) နဲ့ ပတ်သက်မှုတွေအပေါ် အမေရိကန်လွှတ်တော်မှာ ဇွန်လ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် လူကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဘီလ်ဂိတ်စ်ရဲ့ ထွက်ဆိုချက်အရ သူဟာ သူ့ရဲ့ ပရဟိတဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာဖွေဖို့ အက်ပ်စတိန်းနဲ့ ဆက်ဆံခဲ့တာဖြစ်ပြီး၊ အက်ပ်စတိန်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကို အဲဒီအချိန်က “အပြည့်အဝ နားမလည်ခဲ့ဘူး” လို့ ဆိုပါတယ်။ ဒါ့အပြင် အက်ပ်စတိန်းရဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကိုလည်း သူကိုယ်တိုင် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့ ပြောကြားထားပါတယ်။
 
အထူးသဖြင့် အက်ပ်စတိန်းဟာ ဘီလ်ဂိတ်စ်ရဲ့ အိမ်ထောင်ပြင်ပ ဖောက်ပြန်မှုတွေကို သိရှိထားတာကြောင့် အဲဒီအချက်ကို အသုံးချပြီး သူ့ကို ခြိမ်းခြောက် (Blackmail) ခဲ့တယ်လို့ ဘီလ်ဂိတ်စ်က ပွင့်ပွင့်လင်းလင်း စွပ်စွဲလိုက်ပါတယ်။ “ဒီဖောက်ပြန်မှုတွေဟာ အက်ပ်စတိန်းနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးမှာ ဘာမှမပတ်သက်ပေမဲ့ ကျွန်တော့်မိသားစုအတွက်တော့ တကယ်ကို နာကျင်စရာ ဖြစ်ခဲ့ရပါတယ်” လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။
 
၎င်းက ဆက်လက်ပြီး “အက်ပ်စတိန်းဟာ ကျွန်တော့်ရဲ့ ဖောက်ပြန်မှု သတင်းအချက်အလက်တွေအပြင် တခြားသော မဟုတ်မမှန် လုပ်ကြံမှုတွေကိုပါ အထပ်ထပ် အသုံးချပြီး သူ့နဲ့ ဆက်လက်ပတ်သက်နေအောင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်” လို့ လွှတ်တော်အမတ်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးနဲ့ အစိုးရပြုပြင်ပြောင်းလဲရေးကော်မတီဟာ အက်ပ်စတိန်းအမှုနဲ့ ပတ်သက်ပြီး ဖက်ဒရယ်အစိုးရရဲ့ ကိုင်တွယ်ပုံတွေကို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အဆိုပါ ကော်မတီဥက္ကဋ္ဌ ဂျိမ်းစ်ကိုမာ (James Comer) က ဘီလ်ဂိတ်စ်ကို လူကိုယ်တိုင် လာရောက်မေးမြန်းမှုကို ဖြေကြားပေးဖို့ ပြီးခဲ့တဲ့ မတ်လကတည်းက တရားဝင် တောင်းဆိုထားခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
 
Source: Reuters (Nolan D. McCaskill)