စက်တင် ၉၊ ၂၀၂၆

The Kaladan Post

တရားဝင် UNHCR ကတ် ကိုင်ဆောင်ထားသည့် ဒုက္ခသည်များသည် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေအောက်တွင် ဆက်လက် ရှိနေဆဲဖြစ်ပြီး သီးသန့် ကင်းလွတ်ခွင့်ပြုထားသည့် ပြစ်မှုများမှအပ အခြား ကျူးလွန်မှုများအတွက် အရေးယူခံရနိုင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ် ဇာကာရီယာ ရှာဘန် (Datuk Zakaria Shaaban) က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်များ၏ အဆင့်အတန်းနှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများကို ရှင်းလင်းရာတွင် ညွှန်ကြားရေးမှူးချုပ်က “ရိုဟင်ဂျာတွေဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ မဟုတ်ဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို ကျွန်တော် ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပါဘူး” ဟု ပြောဆိုခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး တရားဝင် UNHCR ကတ် ကိုင်ဆောင်ထားသူများသည် ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအောက်တွင် ရှိနေပြီး ခွင့်ပြုမိန့်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း အပါအဝင် အခြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများအတွက် အရေးယူခံရနိုင်ကြောင်း စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အဆိုပါ ဥပဒေအရ တရားဝင် ခရီးသွားစာရွက်စာတမ်း သို့မဟုတ် ဖြတ်သန်းခွင့် လက်မှတ် မရှိခြင်းနှင့် သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ခြင်း စသည့် ပြစ်မှု ၂ မျိုးကိုသာ ကင်းလွတ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာန အကြီးအကဲက အဆိုပါ ပြစ်မှု ၂ ခုကို ကင်းလွတ်ခွင့် ပေးထားခြင်းသည် အခြား ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာရန် ကင်းလွတ်ခွင့် ရရှိခြင်း မဟုတ်ကြောင်း ထောက်ပြခဲ့သလို တရားဝင် ခွင့်ပြုချက်မရှိဘဲ ခန့်ထားသည့် အလုပ်ရှင်များကိုလည်း အရေးယူသွားမည်ဟု သတိပေးခဲ့ပါတယ်။

မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ စီမံခန့်ခွဲမှုကို အမျိုးသားလုံခြုံရေးကောင်စီ၏ ညွှန်ကြားချက်အမှတ် ၂၃ အရ အစိုးရ မူဝါဒများနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အဆိုပါ မူဝါဒကို ဒုတိယဝန်ကြီးချုပ် ဒါတွတ်ဆရီ ဒေါက်တာ အာမက် ဇာဟစ် ဟာမီဒီ (Ahmad Zahid Hamidi) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အစိုးရအဖွဲ့ ကော်မတီက ကြီးကြပ်ကွပ်ကဲလျက် ရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့သည် ဒုက္ခသည်ဆိုင်ရာ စာရင်းအင်း အချက်အလက်များကို စနစ်တကျ ရရှိနိုင်ရန်အတွက် ဒုက္ခသည် မှတ်ပုံတင် စာရွက်စာတမ်း (DPP) အစီအစဉ်မှတစ်ဆင့် စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နေပါတယ်။ အာဏာပိုင်များအနေဖြင့် ဥပဒေနှင့် အစိုးရ မူဝါဒများနှင့်အညီ တင်းတင်းကြပ်ကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

Source – The Star