ဇွန် ၃၀၊ ၂၀၂၆
The Kaladan Post
အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ ဂျပန်ယန်းငွေတန်ဖိုးဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားခဲ့ပြီးနောက် ဂျပန်အစိုးရအနေနဲ့ ငွေကြေးဈေးကွက်ကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်လာတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ အတိုးနှုန်းသတ်မှတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်တဲ့ အလုပ်အကိုင်ရရှိမှု အချက်အလက် (Jobs data) တွေ မထွက်ပေါ်လာခင် အမေရိကန်ဒေါ်လာကတော့ ၁၃ လအတွင်း အမြင့်ဆုံးအဆင့်ကနေ အနည်းငယ် ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဂျပန်ယန်းငွေတန်ဖိုးဟာ တစ်ဒေါ်လာကို ၁၆၂.၄၁ ယန်းအထိ ကျဆင်းသွားခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အနိမ့်ဆုံးစံချိန်ပဲ ဖြစ်ပါတယ်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဆက်ဆုကီ ကာတာယာမာ (Satsuki Katayama) ကတော့ အာဏာပိုင်တွေအနေနဲ့ လိုအပ်သလို အချိန်မရွေး တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပေမယ့်၊ ပြင်းထန်တဲ့ သတိပေးချက်မျိုးတော့ မထုတ်ပြန်ခဲ့ပါဘူး။ ဂျပန်ယန်းငွေဟာ ဒုတိယသုံးလပတ်မှာ ၂ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြီး၊ ဒါဟာ ၄ လပတ် ဆက်တိုက် ကျဆင်းမှုလည်း ဖြစ်ပါတယ်။ [Commonwealth Bank of Australia] ရဲ့ ငွေကြေးဈေးကွက် မဟာဗျူဟာပညာရှင် ကာရိုကောင် (Carol Kong) က “ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) အနေနဲ့ ယန်းငွေကို ထိန်းသိမ်းဖို့ ဘယ်အချိန်မှာ ဝင်ရောက်စွက်ဖက်မလဲ ဆိုတာပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဝင်ရောက်စွက်ဖက်ပါစေ၊ ဒေါ်လာနဲ့ယန်း လဲလှယ်နှုန်း ဆက်တိုက်မြင့်တက်နေမှုကိုတော့ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။” လို့ သုံးသပ်ထားပြီး ၂၀၂၇ ခုနှစ် အစောပိုင်းမှာ တစ်ဒေါ်လာကို ၁၆၄ ယန်းအထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အီရန်စစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှု စိုးရိမ်စရာဖြစ်လာပြီး ဂျပန်ဗဟိုဘဏ်က ယန်းငွေ ၁၁.၇ ထရီလီယံ (ဒေါ်လာ ၇၂.၂၅ ဘီလီယံ) အထိ အသုံးပြုပြီး ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းခဲ့သလို အတိုးနှုန်းတွေလည်း တိုးမြှင့်ခဲ့ပေမယ့် ယန်းငွေတန်ဖိုးကတော့ ဆက်လက်ကျဆင်းနေဆဲပါ။ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းနဲ့ မေလအစောပိုင်းက အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ယန်းငွေတန်ဖိုး ခဏတာ ပြန်တက်လာပေမယ့်၊ အမေရိကန်ဗဟိုဘဏ် (Fed) က ယခုနှစ်ကုန်ပိုင်းမှာ အတိုးနှုန်း ထပ်တင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ယန်းငွေအပေါ် ဖိအားတွေ ပြန်လည်သက်ရောက်လာတာပါ။
[StoneX] ရဲ့ အကြီးတန်း ဈေးကွက်လေ့လာသုံးသပ်သူ မတ်တ် ဆင်ပ်ဆန် (Matt Simpson) က “ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဝင်ရောက်စွက်ဖက်လို့ရရင် လုပ်ချင်မှာပါ။ ဒါပေမဲ့ လောလောဆယ် သူတို့လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့်တင်မယ့် လှိုင်းလုံးကြီးကို ဆန်တက်နေရတယ်ဆိုတာ သိနေလို့ပါ။ အကယ်၍ ဒီတစ်ပတ် အမေရိကန်ရဲ့ အချက်အလက်တွေကသာ အတိုးနှုန်းမမြှင့်ချင်တဲ့သူတွေ (Doves) ဘက်ကို အလေးသာသွားရင်တော့၊ ဒေါ်လာတန်ဖိုးကျဆင်းချိန်ကို အခွင့်ကောင်းယူပြီး ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ချက်ချင်းဝင်ရောက် စွက်ဖက်လာနိုင်ပါတယ်။ အဲဒီအချိန်မတိုင်ခင်အထိကတော့ စကားနဲ့ပဲ သတိပေးနေဦးမှာပါ။” လို့ မှတ်ချက်ပြုပါတယ်။
တခြားနိုင်ငံသုံး ငွေကြေး ၆ မျိုးနဲ့ နှိုင်းယှဉ်ထားတဲ့ အမေရိကန် ဒေါ်လာအညွှန်းကိန်း (Dollar Index) ဟာ ၁၀၁.၂၈ မှာ ရှိနေပြီး ယခုနှစ် ဒုတိယသုံးလပတ်မှာ ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် တခြားငွေကြေးတွေဖြစ်တဲ့ ယူရို၊ သြစတြေးလျဒေါ်လာ၊ နယူးဇီလန်ဒေါ်လာနဲ့ ဗြိတိန်ပေါင်စတာလင်တို့ အားလုံး တန်ဖိုးကျဆင်းခဲ့ပါတယ်။ [BlackRock Investment Institute] ရဲ့ မဟာဗျူဟာပညာရှင်တွေကတော့ လက်ရှိဒေါ်လာတန်ဖိုးဟာ အခြေခံအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိနေတာကြောင့် ဒီထက်ပိုပြီး ဆက်တိုက်တက်ဖို့တော့ သိပ်မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။
သတင်း Source: Reuters