ဩဂုတ် ၅၊ ၂၀၂၆

The Kaladan Post

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေမှာ အသုံးပြုနေတဲ့ နည်းပညာသစ်တွေကို နမူနာယူပြီး တရုတ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် တိုက်ခိုက်ရေးဒရုန်းတွေနဲ့ AI နည်းပညာသုံး လက်နက်ဆန်းတွေကို အဓိကထား ထုတ်လုပ်သွားမယ်လို့ ဂျပန်အစိုးရက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ ဂျပန်ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်တဲ့ စာမျက်နှာ ၅၉၈ မျက်နှာပါ လုံခြုံရေးဆိုင်ရာ အစီရင်ခံစာ (White Paper) မှာ တရုတ်နိုင်ငံဟာ ဂျပန်ရဲ့ အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှုဖြစ်တယ်လို့ ထပ်လောင်း ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဟာ လူဦးရေ လျော့နည်းလာတာကြောင့် စစ်သည်အင်အား နည်းပါးလာမှုကို အစားထိုးဖို့နဲ့ ကမ်းရိုးတန်း ကာကွယ်ရေးအတွက် အဝေးပစ် ခရုဇ်ဒုံးကျည်တွေအပြင် ကိုယ်ပိုင် တိုက်ခိုက်ရေးဒရုန်းတွေကို အမြန်ဆုံး ထုတ်လုပ်သွားဖို့ ပြင်ဆင်နေတာပါ။ ဂျပန် ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi က “အခုလို စစ်ပွဲပုံစံသစ်တွေမှာ မြန်ဆန်ဖို့ကပဲ အဓိက သော့ချက်ပါ” လို့ မှတ်ချက်ပေးခဲ့ပြီး စစ်ဘက်သုံး ဒရုန်းထုတ်လုပ်ဖို့အတွက် ကုမ္ပဏီ ၄ ခုကို ရွေးချယ်ထားကာ လာမယ့် ဩဂုတ်လဆန်းမှာ ရေတပ်နဲ့အတူ စမ်းသပ်မှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ Toshiba အပါအဝင် ဂျပန်ကုမ္ပဏီကြီးတွေကလည်း ဒရုန်းနည်းပညာသစ်တွေကို ပူးပေါင်းထုတ်လုပ်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

အဆိုပါ အစီရင်ခံစာထဲမှာ တရုတ်စစ်သင်္ဘောတွေ ပစိဖိတ်သမုဒ္ဒရာအတွင်း မကြာခဏ လာရောက်လှုပ်ရှားနေတာ၊ တရုတ်တိုက်လေယာဉ်တွေက ဂျပန်စစ်လေယာဉ်တွေကို ရေဒါနဲ့ ပစ်မှတ်ယူခဲ့တာတွေအပြင် ရုရှားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်နေတာတွေကိုပါ အဓိက စိုးရိမ်စရာအဖြစ် ထောက်ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး [တရုတ် ကာကွယ်ရေးဝန်ကြီးဌာန] ကတော့ ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chen Xi က “ဒါဟာ သူခိုးက လူလူဟစ်ဆိုသလိုပါပဲ။ ဂျပန်က သူတို့ရဲ့ စစ်အင်အား တိုးချဲ့မှုကို အကြောင်းပြချင်လို့ တရုတ်ကို မဟုတ်မမှန် စွပ်စွဲနေတာ ဖြစ်ပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်အစိုးရဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ အသံထက်မြန်တဲ့ ဒုံးကျည်နည်းပညာတွေ တိုးတက်လာမှုကိုလည်း စိုးရိမ်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီး ကျင့်သုံးခဲ့တဲ့ ငြိမ်းချမ်းရေး မူဝါဒတွေကို ပြင်ဆင်ကာ သေစေနိုင်တဲ့ လက်နက် တင်ပို့မှု ပိတ်ပင်ချက်တွေကို ရုပ်သိမ်းလိုက်ပြီဖြစ်လို့ ဩစတြေးလျဆီကို စစ်သင်္ဘော ၁၁ စင်း ရောင်းချဖို့ သဘောတူညီမှု ရရှိထားသလို နယူးဇီလန်နဲ့ ဖိလစ်ပိုင်တို့ဆီကိုလည်း စစ်လက်နက်ပစ္စည်းတွေ ရောင်းချနိုင်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။

သတင်း Source – AP News (Associated Press)