ငပလီရှိ ဂျိတ္တောနှင့် လင်းသာကမ်းခြေကို စစ်တပ်က ထပ်မံလေကြောင်းတိုက်ခိုက်
ဇူလိုင် ၂၄
The Kaladan Post
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာကမ်းခြေဒေသများကို ဇူလိုင်လ ၂၃ ရက် နေ့တွင် ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော်က အသိပေးထားပါတယ်။
ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်မှု ကြောင့် နေအိမ် (၈) လုံး ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် လင်းသာကမ်းခြေရှိ AZ Family Resort ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘန်ဂလိုများနှင့် အနီးရှိ နေအိမ်အချို့ ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေထိုင်ရာဒေသများနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံများအကြား စိုးရိမ်မှုများ ပိုမိုမြင့်တက်လာကြောင်း သိရပါတယ်။
ထို့ပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ရှိ မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်းမြို့ များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား (၅) ဦး သေဆုံးပြီး ရဟန်းသံဃာ (၃) ပါးအပါအဝင် စုစုပေါင်း (၂၆) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ဒီဖြစ်စဥ်နှင့်အပေါ် ယင်းလေကြောင်းတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြထားပြီး အာရက္ခပြည်သူများနှင့် မဟာမိတ်အဖွဲ့များနှင့်အတူ ဆက်လက်တုံ့ပြန်သွားမည်ဟု ULA/AA က အသိပေးထားပါတယ်။
#သံတွဲ#ငပလီ#လေကြောင်းတိုက်ခိုက်မှု#အရပ်သားထိခိုက်မှု#မြန်မာသတင်း

ကန့်ဘလူမြို့နယ် ဇာဒီပျူရွာတွင် ကင်းစောင့်တိုက်ခိုက်ခံရပြီး သေဆုံး သေနတ် ၁ လက် သိမ်းဆည်း
ဇူလိုင် ၂၄
The Kaladan Post
ကန့်ဘလူမြို့နယ် ဇာဒီပျူကျေးရွာ အနောက်ဘက်ကင်းတွင် ကင်းစောင့်နေသည့် ပျူစောထီးတစ်ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း G3 သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
#ကန့်ဘလူ #ဇာဒီပျူရွာ #G3သေနတ် #တော်လှန်ရေးသတင်း #မြန်မာသတင်း

ရေးမြို့နယ်တွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရ ရေတပ်ဗိုလ်အပါအဝင် ၄ ဦးသေဆုံးဟု ထုတ်ပြန်
ဇူလိုင် ၂၄
The Kaladan Post
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းချိန်းရန် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ရေးဘီလူးတပ်ရင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရေတပ်ဗိုလ်တစ်ဦး အပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ယာဉ် ၂ စီး ပျက်စီးခဲ့ပြီး စစ်ကူရောက်ရှိလာသဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူများကို အမြန်ပြန်လည်သယ်ဆောင်သွားခဲ့ရာ လက်နက်သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ကြောင်း ဆိုထားပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်လည်း သီးလုံးပျူစောထီးရွာမှ ထွက်လာသည့် ပျူစောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။
ထို့ပြင် ကန့်ဘလူမြို့နယ် ဇာဒီပျူကျေးရွာ အနောက်ဘက်ကင်းစောင့် ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး G3 သေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ပူးပေါင်းတပ်ဖွဲ့များက မိမိတို့ဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ဆက်လက်ကာကွယ်သွားမည်ဟု ပြောကြားထားပါတယ်။
#ရေးဘီလူးတပ်ရင်း #KNLA #ရွှေဘိုPDF #ကန့်ဘလူ #မြန်မာသတင်း

ပြင်ပမှ စက်သုံးဆီတင်သွင်းမှု ၇၅% လျှော့ချမည်ဟု မင်းအောင်လှိုင် ပြောဆို
ဇူလိုင် ၂၄
The Kaladan Post
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပမှ တင်သွင်းနေသော စက်သုံးဆီများကို စက်တင်ဘာလမှ စတင်၍ ၃၀ ရာခိုင်နှုန်း လျှော့ချကာ သန်လျင်အမှတ် (၁) ရေနံချက်စက်ရုံမှ ထုတ်လုပ်မည့် စက်သုံးဆီ ဖြင့် အစားထိုးအသုံးပြုရန် ညွှန်ကြားထားကြောင်း သိရပါတယ်။
ပထမအဆင့် စီမံကိန်းအောင်မြင်ပါက Phase II ကို ဆက်လက်တိုးချဲ့ကာ လာမည့် (၅) နှစ်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချရန် စစ်ကောင်စီက ရည်မှန်းထား ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြည်တွင်းရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်ခြင်းနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မည်ဟု ဆိုထားသော်လည်း ယင်းစီမံကိန်းများ၏ အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်မှုများလည်း ရှိနေပါတယ်။
သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေးနှင့် ရေနံချက်စက်ရုံသစ် စီမံကိန်းများကို Prime စွမ်းအင်ကုမ္ပဏီ၊ Myan Oil နှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားကြောင်း သိရပါတယ်။
ယင်းလုပ်ပိုင်ခွင့်များအနက် ၆၀ ရာခိုင်နှုန်းခန့်ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ဦးဆောင်သည့် Prime စွမ်းအင်ကုမ္ပဏီက ရရှိထားပြီး ကျန်အစိတ်အပိုင်းကို Myan Oil နှင့် Heyday ကုမ္ပဏီတို့က ခွဲဝေရယူထားကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
#စက်သုံးဆီ#သန်လျင်ရေနံချက်စက်ရုံ#မင်းအောင်လှိုင်#PrimeEnergy#မြန်မာသတင်း

စစ်မှုထမ်းတပ်သား ထွက်ပြေးသူကို WY ၄၀၀ ပြားနှင့်အတူ ဖမ်းမိ
ဇူလိုင် ၂၄
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ (၅၈၂) မှ ထွက်ပြေးလာသည့် အသက် ၂၅ နှစ်အရွယ် စစ်မှုထမ်းတပ်သား ဖြိုးကိုကိုကို WY စိတ်ကြွဆေးပြား ၄၀၀ ပြားနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူသည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး စစ်သင်တန်းတက်ရောက်ကာ ရခိုင်နှင့် ကရင်ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း ထွက်ဆိုထားပါတယ်။
၎င်းက စစ်မြေပြင်များတွင် အရပ်သားများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် စစ်တပ်အတွင်း အနိုင်ကျင့်မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် တပ်မှထွက်ပြေးခဲ့ကြောင်း ပြောဆိုထားပါတယ်။
ထို့အပြင် စစ်တပ်အတွင်း စစ်သားများကို ကြိုးတုပ်ကာ အုပ်စုလိုက်ပစ်သတ်သည့် ဖြစ်ရပ်များကို လည်း မြင်တွေ့ခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။
ဖြိုးကိုကိုသည် ယခင်က နှစ်ကြိမ်ထွက်ပြေးဖူးသော်လည်း ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ယခုတတိယ အကြိမ် ထွက်ပြေးစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။
#ကော့သောင်း#စစ်မှုထမ်း#WY#တော်လှန်ရေးသတင်း#မြန်မာသတင်း

အာဆီယံ၏ သဘောတူညီချက်သည် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီချက် မဟုတ်ဟု စစ်တပ် ပြော
ဇူလိုင် ၂၄
The Kaladan Post
မြန်မာစစ်ကောင်စီ၏ ဘုံသဘောတူညီချက် (5PC) အကောင်အထည်ဖော်မှုကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြန်လည်သုံးသပ်အကဲဖြတ်မည် ဖြစ်ကြောင်း အာဆီယံက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် 5PC သည် အာဆီယံ၏ အဓိကမူဘောင် အဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချထားပါတယ်။
အာဆီယံက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီ များ လွတ်လပ်စွာရောက်ရှိစေရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရန် တိုက်တွန်းထားပါတယ်။
နိုဝင်ဘာလတွင် မြန်မာ၏ ပြန်လည်ပါဝင်ခွင့်ကို မဲခွဲဆုံးဖြတ်မည်မဟုတ်ဘဲ 5PC ကို အမှန်တကယ် လိုက်နာဆောင်ရွက်ထားမှုအပေါ်သာ အခြေခံဆုံးဖြတ်သွားမည်ဟု အာဆီယံဘက်က အတည်ပြု ထားပါတယ်။
အာဆီယံ၏ သဘောတူညီချက်အပေါ် စစ်ကောင်စီက 5PC သည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီသော သဘောတူညီချက် မဟုတ်ကြောင်း ထပ်မံငြင်းပယ်ကာ လက်ရှိနိုင်ငံရေးအခြေအနေနှင့် မကိုက်ညီ တော့ဟု ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက “Myanmar-owned and Myanmar-led approach” ဖြင့်သာ အာဆီယံနှင့် ဆက်ဆံသွားမည်ဟု ထုတ်ပြန်ထားသော်လည်း အာဆီယံက 5PC ကို ဆက်လက်အခြေခံ၍ အကဲဖြတ်သွားမည့် ရပ်တည်ချက်ကို အတည်ပြုထားပါတယ်။
#အာဆီယံ#5PointConsensus#မြန်မာနိုင်ငံရေး#စစ်ကောင်စီ#မြန်မာသတင်း

ရန်ကုန်တွင် အလုပ်အကိုင်ဖြင့် လိမ်ခေါ်ကာ စစ်မှုထမ်းရန် ရောင်းစားခံရမှုများ မြင့်တက်
ဇူလိုင် ၂၄
The Kaladan Post
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တညင်းကုန်းဈေးမှ ကုန်ထမ်းအလုပ်လုပ်နေသည့် အမျိုးသား ၂ ဦးကို အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ စစ်တပ်ထံ ရောင်းစားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောပါတယ်။ မိသားစုဝင်များက ငွေကြေးပေး၍ ပြန်လည်ရွေးထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း ငွေကိုသာ လက်ခံပြီး လူကို ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ အသက် ၂၀ နှင့် ၄၀ အရွယ် ဧရာဝတီတိုင်းသားများဖြစ်ပြီး လက်ရှိတွင် တောင်ငူရှိ စစ်သင်တန်း၌ ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။ သတင်းရင်းမြစ်များ၏ အဆိုအရ အလုပ်အကိုင်အကြောင်းပြကာ စစ်မှုထမ်းရန် လိမ်လည်ဖမ်းဆီးရောင်းစားသည့် ဖြစ်စဉ်များ မြင့်တက်နေပြီး ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း အလားတူဖြစ်စဉ် ၁၁ ခုထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် စစ်မှုထမ်းအပတ်စဉ် (၂၇) အထိ စတင်နေပြီး လူစုဆောင်းမှုများကို နေရာအနှံ့ ဆက်လက် လုပ်ဆောင်နေတာဖြစ်ပါတယ်။
#ရန်ကုန်သတင်း#စစ်မှုထမ်း#အလုပ်လိမ်လည်မှု#တညင်းကုန်းဈေး#မြန်မာသတင်း
