မတ် ၁၆
The Kaladan Post
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်နေချိန်မှာပဲ မြောက်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်လောက်ကို ထပ်မံစမ်းသပ်ပစ်ခတ်လိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ မတ်လ ၁၄ ရက်နေ့တုန်းက ၆၀၀ မမ အတွဲလိုက်ပစ် ဒုံးကျည်စနစ် စမ်းသပ်မှုတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒီစမ်းသပ်မှုမှာ ကင်မ်ဂျုံအွန်းရဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးလည်း အတူရှိနေတဲ့ ဓာတ်ပုံတွေကိုပါ KCNA က ဖော်ပြခဲ့ပါတယ်။ KCNA ရဲ့အဆိုအရ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အရှေ့ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်က ပစ်မှတ်တွေကို ၁၀၀ ရာခိုင်နှုန်း တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး ကင်မ်ဂျုံအွန်းက “ဒီဒုံးကျည်မျိုးနဲ့ အပစ်ခံရမယ်ဆိုရင် ၄၂၀ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ဘယ်လိုရန်သူမျိုးမှ မလွတ်မြောက်နိုင်ဘူး” လို့ ပြောကြားခဲ့ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒီလက်နက်တွေရဲ့ ဖျက်စွမ်းအားကို နားလည်းသွားစေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်ကလည်း မြောက်ကိုရီးယားဟာ ပြုံယမ်းမြို့အနီးကနေ နေ့လယ်ပိုင်းအချိန်မှာ ဒုံးကျည် အနည်းဆုံး ၁၀ စင်းကို အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ဆီ ပစ်ခတ်ခဲ့ပြီး ခန့်မှန်းခြေ ကီလိုမီတာ ၃၅၀ ဝန်းကျင် ပျံသန်းခဲ့တယ်လို့ ကြေညာပါတယ်။
အခုလို ဒုံးကျည်စမ်းသပ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ်ပြုလုပ်နေကျ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေချိန်မှာပဲ ထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကင်မ်ယိုဂျောင်က မဟာမိတ်နှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ ရည်ရွယ်ထားတဲ့ ရန်လိုတဲ့ပြင်ဆင်မှုတစ်ခုဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ ဒီလိုစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်မှုတွေနဲ့ ကြုံလာရင် ထိထိရောက်ရောက် ခုခံနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ထုတ်လုပ်မှုနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရပေမယ့်လည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဒုံးကျည်နည်းပညာပိုင်းကို အဆင့်မြှင့်တင်လာနိုင်ခဲ့တာပါ။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters