စက်တင် ၁၂၊ ၂၀၂၆

The Kaladan Post

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်စေ့ခဲ့သည့် မြန်မာနိုင်ငံသား ၉၇ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည် ရောက်ရှိလာပါတယ်။

အဆိုပါ ပြန်လည်ရောက်ရှိလာသူများတွင် အမျိုးသား ၈၀ ဦးနှင့် အမျိုးသမီး ၁၇ ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၁၄ ခုတွင် ပြစ်ဒဏ်ကျခံခဲ့ကြရသူများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ ပြန်လည်မလွှဲပြောင်းမီ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီး မြန်မာ အလုပ်သမားသံအရာရှိက လိုက်ပါ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ကော့သောင်းမြို့သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုများနှင့် လူဝင်မှုကြီးကြပ်ရေး အမည်ပျက်စာရင်း ပါဝင်မှု ရှိမရှိ စိစစ်ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ထို့အပြင် လူကုန်ကူးခံရသူ ဟုတ်မဟုတ်၊ လူကုန်ကူးမှု ဖြစ်စဉ်များနှင့် နိုင်ငံခြားသားများ ပါဝင်နေခြင်း ရှိမရှိတို့ကိုလည်း စိစစ်ခဲ့ပါတယ်။

လိုအပ်သည့် စိစစ်မှုများ ပြီးစီးပြီးနောက် အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

Source – Eleven Media/ANN