မတ် ၁၇

The Kaladan Post

 

အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ဟာ အမေရိကန်နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား (၇) ဦးကို အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမေရိကန်နိုင်ငံသား တစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား (၆) ဦး ပါဝင်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ သောကြာနေ့က ဥပဒေမဲ့လုပ်ရပ်များ တားဆီးကာကွယ်ရေး အက်ဥပဒေ (UAPA) ပုဒ်မ ၁၈ အပါအဝင် သက်ဆိုင်ရာ ပုဒ်မတွေနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ အမှုနဲ့ပတ်သက်ပြီး သိရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံ၊ အထူးသဖြင့် ချင်းပြည်နယ်နဲ့ နယ်စပ်ချင်း ကီလိုမီတာ ၅၀၀ ကျော်လောက် ထိစပ်နေတာပါ။ အဲဒီဒေသဟာ နိုင်ငံခြားသားတွေ သွားလာခွင့် ကန့်သတ်ထားတဲ့ နေရာဖြစ်ပြီး သွားမယ်ဆိုရင် နိုင်ငံခြားသားမှတ်ပုံတင်ရုံး (FRO) ကနေ အထူးခွင့်ပြုချက် တောင်းခံရပါတယ်။

ရဲမှတ်တမ်း (FIR) တွေအရ ဒီနိုင်ငံခြားသား (၇) ဦးဟာ မီဇိုရမ်ပြည်နယ်ကို အရင်လာရောက်ခဲ့ပြီး အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပါတယ်။ မြန်မာပြည်ထဲမှာ အိန္ဒိယကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတချို့နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ ဥရောပကနေ မီဇိုရမ်ပြည်နယ်ဆီ ဒရုန်းတွေ အရောက်မှာယူခဲ့ပြီး အဲဒီဒရုန်းတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို သယ်ဆောင်သွားခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

သူတို့အနေနဲ့ အိန္ဒိယကို ဘယ်တုန်းက ဝင်လာပြီး မြန်မာပြည်ထဲ ဘယ်အချိန်သွားခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ သောကြာနေ့ ညနေပိုင်းမှာ အမှုဖွင့်ခဲ့ပြီး မကြာခင်မှာပဲ သူတို့ရှိနေတဲ့ နေရာတွေမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

စနေနေ့မှာ သူတို့ကို တရားသူကြီးရှေ့မှောက် ခေါ်ဆောင်သွားပြီး (၃) ရက် ရမန်ယူခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တရားရုံးထပ်ထုတ်ခဲ့ပြီး NIA အနေနဲ့ နောက်ထပ် (၁၁) ရက် ဆက်လက် ထိန်းသိမ်းထားဖို့ ခွင့်ပြုချက်ရခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နီးစပ်သူတစ်ဦးက “သူတို့ အိန္ဒိယကနေ ပြန်ထွက်ဖို့ ကြိုးစားနေတုန်း လပ်ခ်နောင်း (Lucknow)၊ ဒေလီနဲ့ ကိုးလ်ကတ္တား လေဆိပ်တွေမှာ အသီးသီး အဖမ်းခံခဲ့ရတာပါ” လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ဘယ်သူတွေလဲ ဆိုတာနဲ့ တိကျတဲ့ စွဲချက်တွေကိုတော့ အဲဒီသတင်းရင်းမြစ်က ဆက်လက်ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NIA ပြောရေးဆိုခွင့်ရှိသူဆီ ဖုန်းဆက်၊ စာပို့ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

ဖမ်းဆီးခံရသူ (၇) ဦးလုံးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ပရာမို့ဒ် ကူးမား ဒူဘေး (Pramod Kumar Dubey) ကတော့ “ဒီဖမ်းဆီးမှုတွေဟာ တရားမဝင်ပါဘူး။ NIA က ဗီယင်နာ ကွန်ဗင်းရှင်း စည်းမျဉ်းတွေကိုလည်း မလိုက်နာခဲ့ပါဘူး။ စွပ်စွဲခံရသူတွေအပေါ် ပြစ်မှုမြောက်တဲ့ အထောက်အထား ဘာတစ်ခုမှ မရှိပါဘူး” လို့ တရားခွင်မှာ လျှောက်လဲချေပသွားခဲ့ပါတယ်။

 

ကိုးကား – ThePrint (Mayank Kumar)

ဓါတ်ပုံ – တနင်္လာနေ့က နယူးဒေလီမြို့ NIA တရားရုံးမှာ ရုံးထုတ်အပြီး ဖမ်းဆီးခံ နိုင်ငံခြားသားတွေကို ပြန်လည်ခေါ်ဆောင်သွားစဉ်။