ဇွန် ၁၆၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံဆီကို ၅ ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်နေပြီး၊ ဒါဟာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွေအပြီးမှာ သူ့ရဲ့အစိုးရအတွက် နိုင်ငံတကာ သံတမန်ရေးရာ တရားဝင်မှုရရှိဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
အခုခရီးစဉ်အတွင်းမှာ ရွေးတုသမ္မတဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ရဲ့နောက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Crisis Group ရဲ့ မြန်မာ့အရေး အကြီးတန်းအကြံပေး Richard Horsey ကတော့ “တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် လက်ခံတွေ့ဆုံတဲ့ ဒီနိုင်ငံတော်အဆင့်ခရီးစဉ်ဟာ တရုတ်အနေနဲ့ မြန်မာအစိုးရသစ်ကို အပြည့်အဝ မိတ်ဖက်အဖြစ် ဆက်ဆံဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်” လို့ သုံးသပ်ပြောကြားထားပါတယ်။
အခုခရီးစဉ်မှာ ထူးခြားချက်အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဝန်ကြီးချုပ်တွေပါ လိုက်ပါသွားတာကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ သယံဇာတကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်း၊ တရုတ်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေအပြင် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကိုပါ ထည့်သွင်းဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်သလို၊ ၎င်းရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် မြန်မာ့ဦးဆောင်မှုနဲ့ အနီးကပ် ထိတွေ့ဆက်ဆံလာတာလို့ ပညာရှင်တွေက ယူဆနေကြပါတယ်။ တစ်ဖက်မှာလည်း မကြာသေးခင်က အမေရိကန်ပညာရှင် ဦးမင်းဇင် တရုတ်မှာ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ကလည်း အခုသံတမန်ရေးရာ နောက်ခံအခြေအနေတွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရွေးတုသမ္မတဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပြီး နှစ်နိုင်ငံကြား စီးပွားရေး၊ လုံခြုံရေးနဲ့ နယ်စပ်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Source: Reuters