ဩဂုတ် ၁၃၊ ၂၀၂၆
The Kaladan Post
ရုရှားနှင့် ဂျပန်နိုင်ငံတို့အကြား ပိုင်နက် အငြင်းပွားနေသည့် ကူရီးလ်ကျွန်းစု (Kuril Islands) အတွင်းရှိ အီတူရုပ့် (Iturup) ကျွန်းသို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့ (ဩဂုတ်လ ၁၃ ရက်) တွင် သွားရောက်ခဲ့ကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အဆိုပါ ကျွန်းစုများနှင့် ပတ်သက်၍ ပိုင်နက်အငြင်းပွားမှု မပြေလည်သေးသည့်အတွက် နှစ်နိုင်ငံအကြား ဒုတိယကမ္ဘာစစ်အပြီး တရားဝင် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘဲ ဂျပန်ဘက်က ယင်းကျွန်းများကို မြောက်ပိုင်းနယ်မြေများဟု ခေါ်ဆိုကြပါတယ်။
ပူတင်၏ ယင်းကျွန်းစုများသို့ လူကိုယ်တိုင် ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်အတွင်း ရုရှားအရှေ့ဖျားဒေသ ရေတပ်လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အီတူရုပ့်ကျွန်းရှိ ယက်စနီ (Yasny) ငါးပြုပြင်မွမ်းမံရေး စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
Vesti ရုပ်သံလိုင်း၏ ဖော်ပြချက်များအရ သမ္မတ ပူတင်သည် ငါးဖမ်းလုပ်ငန်းနှင့် ငါးများ၏ ပြောင်းရွှေ့ကျက်စားမှုဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို နားထောင်ခဲ့ပြီး ဒေသထွက် ငါးဥများကိုလည်း မြည်းစမ်းခဲ့ကြောင်း သိရပါတယ်။
Source – Reuters