စက်တင် ၁၉၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း အာဒမ် ကာစတီလို (Adam Castillo) လွတ်မြောက်လာမှုသည် သံတမန်ရေးအရ အောင်မြင်မှုဖြစ်သော်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေး ပုံမှန်ထူထောင်ရန် လမ်းစအဖြစ် မသတ်မှတ်သင့်ကြောင်း Asia Times သတင်းဆောင်းပါးတွင် လေ့လာသုံးသပ်သူ ဂျိမ်းစ်ရွှေ (James Shwe) က ထောက်ပြလိုက်ပါတယ်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း အာဒမ် ကာစတီလို သည် စစ်တပ်၏ ထိန်းသိမ်းခံရမှု ၃ လအကြာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန် လေတပ်လေယာဉ်ဖြင့် ဘန်ကောက်မှတစ်ဆင့် နေပြည်တော်သို့ စက်တင်ဘာ ၁၅ ရက်တွင် လာရောက်ခဲ့သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သော်လည်း ပိတ်ဆို့မှု ဖြေလျှော့ရေး သို့မဟုတ် ရှားပါးသတ္တု ရယူရေးဆိုင်ရာ လျှို့ဝှက် သဘောတူညီချက်များ မပါဝင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန် အစိုးရကိုယ်တိုင်က စက်တင်ဘာလ ၁၅ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အကဲဖြတ်ချက်၌ စစ်အုပ်ချုပ်ရေး လက်အောက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမှုများ မရှိသလောက် နည်းပါးပြီး တာဝန်များကို လိုက်နာရန် အထင်အရှား ပျက်ကွက်ခဲ့သည်ဟု ဖော်ပြထားပါတယ်။ ထို့ကြောင့် စစ်ကောင်စီသည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံ မဟုတ်ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်များက သက်သေပြနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီသည် ဝါရှင်တန်နှင့် ဆက်ဆံရေး ကောင်းမွန်လိုပြီး သတ္တုတွင်း အခွင့်အရေးများဖြင့် သွေးဆောင်ဖွယ် ရှိသော်လည်း မြေပြင်တွင် ရှားပါးမြေဒြပ်စင် (Rare Earth) သတ္တုတွင်း အများစုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် TNLA တို့ကသာ ထိန်းချုပ်ထားကြောင်း Stimson Center ၏ လေ့လာချက်ကို ကိုးကားဖော်ပြထားပါတယ်။ စစ်ကောင်စီ မထိန်းချုပ်နိုင်သော သယံဇာတများကို အခြေခံ၍ သဘောတူညီချက် ရယူရန် ကြိုးပမ်းမှုများသည် လက်တွေ့တွင် အလုပ်ဖြစ်မည် မဟုတ်ကြောင်း သုံးသပ်ထားပါတယ်။
တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း ကာစတီလို လွတ်မြောက်မှုကို အမေရိကန်၏ သစ္စာဖောက်မှုအဖြစ် မရှုမြင်သင့်ဘဲ ဖက်ဒရယ် ဒီမိုကရေစီ အခွင့်အလမ်းများကို ခိုင်မာအောင် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ဝါရှင်တန် အနေဖြင့်လည်း မိမိ နိုင်ငံသား လွတ်မြောက်ရေးအတွက် ဆွေးနွေးနိုင်သော်လည်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ အပေးအယူ ပြုလုပ်ရာတွင် စစ်မှန်သည့် အရပ်သား အကာအကွယ်ပေးမှုနှင့် အားလုံးပါဝင်သော နိုင်ငံရေး လုပ်ငန်းစဉ်များအပေါ်တွင်သာ အခြေခံသင့်ကြောင်း ထောက်ပြထားပါတယ်။