စက်တင် ၁၉၊ ၂၀၂၆
The Kaladan Post
အရှေ့အလယ်ပိုင်းနှင့် ယူကရိန်း စစ်ပွဲများ အရှိန်မြင့်နေချိန်နှင့် ဉာဏ်ရည်တု (AI) ဆိုင်ရာ စိုးရိမ်မှုများ ကြီးထွားနေချိန်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့် အပတ်စဉ်သို့ ကမ္ဘာ့ခေါင်းဆောင်များ လာမည့် အင်္ဂါနေ့တွင် တက်ရောက်ကြမည် ဖြစ်ပါတယ်။
ယခုနှစ် အစည်းအဝေးတွင် အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲအကျိုးဆက်များက အဓိက လွှမ်းမိုးဖွယ်ရှိနေပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး ကလည်း ၎င်းတို့နိုင်ငံ၏ ကာကွယ်ရေး လိုအပ်ချက်များကို တိုက်တွန်းပြောဆိုသွားရန် ရှိနေပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က “ရုရှား-ယူကရိန်း စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း တစ်ခုလုံးကို ကြည့်လိုက်ရင် နေ့တိုင်း အခြေအနေတွေ ပိုဆိုးလာနေပါတယ်၊ ဘယ်နေရာမှာမှ တိုးတက်မှု မရှိဘဲ ပိုဆိုးလာတဲ့အတွက် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်နိုင်တဲ့ စိုးရိမ်ရတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်” ဟု သတိပေးခဲ့ပါတယ်။
နည်းပညာ ခေါင်းဆောင်များ၏ သတိပေးချက်များ ထွက်ပေါ်လာပြီးနောက် လူသားထုအပေါ် ခြိမ်းခြောက်လာနိုင်သည့် ဉာဏ်ရည်တု (AI) ဆိုင်ရာ ကိစ္စရပ်များကိုလည်း လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ဆွေးနွေးသွားမည် ဖြစ်ပါတယ်။ ဂူတာရက်စ် က “AI ဘေးကင်းရေးမှာ အောက်ဆုံးအထိ အပြိုင်အဆိုင် လျှော့ချတဲ့ အခြေအနေမျိုးကို ကမ္ဘာကြီးအနေနဲ့ လက်မခံနိုင်ပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ၏ ဒုတိယ ၅ နှစ် သက်တမ်းသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ အဖွဲ့အစည်းကို ဆက်လက် ဦးဆောင်မည့် အကြီးအကဲသစ် ရွေးချယ်ရေးကိုလည်း အင်အားကြီး ၅ နိုင်ငံအကြား ဆွေးနွေးဖွယ် ရှိနေပါတယ်။ ဥရောပ သံတမန်တစ်ဦး၏ အဆိုအရ လက်ရှိအချိန်အထိ ဘုံသဘောတူညီချက် မရရှိသေးကြောင်း သိရပါတယ်။
အစည်းအဝေးသို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တက်ရောက်မည်ဟု မျှော်လင့်ရပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ် မှာမူ အမေရိကန် ဗီဇာ ငြင်းပယ်ခံခဲ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ကမူ ကုလသမဂ္ဂ အစည်းအဝေးကို မတက်ရောက်ဘဲ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ တိုက်ရိုက် သွားရောက်မည် ဖြစ်ပါတယ်။
Source – AFP