ဇွန် ၁၉၊ ၂၀၂၆
The Kaladan Post
အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးအရိပ်အယောင်တွေ ပေါ်ပေါက်လာပြီး ဟောမုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ကျဆင်းသွားပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ စတော့ရှယ်ယာဈေးကွက်တွေဟာ သောကြာနေ့မှာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။
အမေရိကန်က အီရန်အပေါ် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးလိုက်ပြီးနောက် ရေနံတင်သင်္ဘောတွေဟာ ဟောမုဇ်ရေလက်ကြားကို ပြန်လည်ဖြတ်သန်းနေကြပြီဖြစ်လို့ Brent ရေနံစိမ်းဈေးဟာ တစ်စည်ကို ၇၉.၀၃ ဒေါ်လာအထိ ၁ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ Nikkei ညွှန်ကိန်းဟာ ၀.၈ ရာခိုင်နှုန်း တက်လှမ်းကာ ၅ ရက်ဆက်တိုက် စံချိန်သစ်တင်ခဲ့သလို၊ တောင်ကိုရီးယား စတော့ဈေးကွက်ကလည်း ၃.၁ ရာခိုင်နှုန်းအထိ အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ အမေရိကန်ဒေါ်လာတန်ဖိုးဟာ ၁၃ လအတွင်း အမြင့်ဆုံးအဆင့်မှာ ဆက်ရှိနေပါတယ်။ အမေရိကန်ဗဟိုဘဏ် (Fed) က အတိုးနှုန်းတွေကို ထပ်မံမြှင့်တင်ဖို့ အချက်ပြလိုက်တာကြောင့် ဂျပန်ယန်းငွေတန်ဖိုးဟာ တစ်ဒေါ်လာကို ၁၆၁.၂၆ ယန်းအထိ ထိုးဆင်းသွားခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အနိမ့်ဆုံးဖြစ်လို့ ဂျပန်အာဏာပိုင်တွေဘက်က စျေးကွက်ထဲကို ဝင်ရောက်စွက်ဖက်လာမလားဆိုတာ စောင့်ကြည့်နေကြရတယ်လို့ သိရပါတယ်။
အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်ပြီး Commonwealth Bank of Australia မှ အကြီးတန်းဆန်းစစ်သူ Madison Cartwright က “ရေလက်ကြားကို အခမဲ့ဖြတ်သန်းခွင့်က ရက်ပေါင်း ၆၀ ပဲ အာမခံချက်ရှိတာပါ။ နောက်ပိုင်းမှာတော့ အီရန်နဲ့ အိုမန်တို့က ‘ပင်လယ်ရေကြောင်း ဝန်ဆောင်ခ’ တွေ ကောက်ခံလာမယ့် အခြေအနေရှိနေပါတယ်” လို့ သတိပေးပြောကြားထားပါတယ်။
စီးပွားရေးလောကရဲ့ ထူးခြားတဲ့သတင်းတစ်ခုအနေနဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Intel ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၁၀ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။ ဒါဟာ iPhone ထုတ်လုပ်တဲ့ Apple ကုမ္ပဏီက သူတို့ရဲ့ ချစ်ပ်ပြားတွေကို အမေရိကန်ပြည်တွင်းမှာပဲ Intel နဲ့ ပူးပေါင်းထုတ်လုပ်ဖို့ သဘောတူညီခဲ့တာကြောင့် ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ဒေါ်လာစျေးမာနေတာကြောင့် ရွှေစျေးနဲ့ ငွေစျေးတွေကတော့ အနည်းငယ် ပြန်လည်ကျဆင်းနေတယ်လို့ သိရပါတယ်။ ရွှေတစ်အောင်စဟာ ၄,၁၈၈ ဒေါ်လာဝန်းကျင်မှာ ရှိနေပြီး စျေးကွက်အတွင်းမှာတော့ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒတွေအပေါ် ဆက်လက်အာရုံစိုက်နေကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: Reuters (Stella Qiu)