ဩဂုတ် ၆၊ ၂၀၂၆

The Kaladan Post

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် အသက်အန္တရာယ် ရှိနိုင်ပါက မြန်မာဒုက္ခသည် ၅,၀၀၀ အား ပြန်လည်ပို့ဆောင်မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၅ ရက်) တွင် ပြောကြားလိုက်ပါတယ်။

ပြန်လည်ပို့ဆောင်မည့်သူ ၅,၀၀၀ မှာ ရိုဟင်ဂျာ ဒုက္ခသည်များဖြစ်ပြီး ပြည်တွင်းရှိ ဒေသခံလူထုနှင့် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ အစီအစဉ် ရေးဆွဲခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တင်းမာမှုများကြောင့် မလေးရှားနိုင်ငံတစ်ဝန်းရှိ ရိုဟင်ဂျာ ဒုက္ခသည် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသလို ပီနန်ပြည်နယ်တွင်လည်း ဒုက္ခသည်အချို့ နေအိမ်များမှ နှင်ထုတ်ခံခဲ့ရပါတယ်။

မလေးရှား ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖာဇီးလ် (Fahmi Fadzil) က “တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မလေးရှားဟာ မြန်မာဒုက္ခသည် ၅,၀၀၀ ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာ သို့မဟုတ် ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေ ရှိမယ်ဆိုရင် ပြန်လည်ပို့ဆောင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားထားပါတယ်။ ၎င်းက ဆက်လက်ပြီး မြန်မာစစ်ကောင်စီဘက်က လက်ခံရန် အသင့်ရှိနေသော်လည်း အခြေအနေများကို အသေးစိတ် စိစစ်လေ့လာပြီးမှ သင့်တော်ပါက အကောင်အထည်ဖော်မည်ဟု ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကမူ အဆိုပါ အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းထားပါတယ်။ HRW ၏ အာရှဒုတိယညွှန်ကြားရေးမှူး ဘရိုင်အိုနီ လော (Bryony Lau) က “မလေးရှားအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု ပစ်မှတ်ဖြစ်နေသူတွေကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်တာထက် မြန်မာ့အရေး အကျပ်အတည်းကို တုံ့ပြန်ရာမှာ ဒေသတွင်း ခေါင်းဆောင်မှုကို ပြသသင့်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Source – Reuters