ဩဂုတ် ၂၀၊ ၂၀၂၆
The Kaladan Post
ငြိမ်းချမ်းရေး စီမံကိန်းများ ကြန့်ကြာနေသော်လည်း ဂါဇာဒေသရှိ အဆိုပြု ငြိမ်းချမ်းရေး တပ်ဖွဲ့အတွက် အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော် ပေးပို့သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက လွှတ်တော်သို့ အကြောင်းကြားလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှတ်တော်သို့ ပေးပို့သည့် ဇူလိုင် ၃၀ ရက်စွဲပါ အကြောင်းကြားစာအရ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ၏ လက်နက်ကိရိယာ၊ အခြေခံအဆောက်အအုံနှင့် လုပ်ငန်းလည်ပတ်စရိတ်များအတွက် ဒေါ်လာ သန်း ၂၀၀ နှင့် သံချပ်ကာယာဉ်များ ပြန်လည် မွမ်းမံရန် ဒေါ်လာ ၆ သန်းကျော် ထောက်ပံ့ပေးမည် ဖြစ်ပါတယ်။ အဆိုပါ တပ်ဖွဲ့သည် လုံခြုံရေး စစ်ဆင်ရေးများကို ဦးဆောင်မည်ဖြစ်ပြီး လူသားချင်း စာနာမှု အကူအညီများကို ဘေးကင်းစွာ ပို့ဆောင်နိုင်ရန် ကူညီပေးမည် ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီ ပစ်ဂေါ့တ် (Tommy Piggott) က “ကျွန်တော်တို့ဟာ ISF တပ်ဖွဲ့ အဓိက ပါဝင်တဲ့ သမ္မတရဲ့ သမိုင်းဝင် အချက် ၂၁ ချက်ပါ ငြိမ်းချမ်းရေး စီမံကိန်းကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေး စီမံကိန်းကို အစ္စရေးနှင့် ဟာမတ်စ် နှစ်ဖက်စလုံးက လိုက်နာရန် ငြင်းဆန်နေကြသဖြင့် အစိုးရ၏ အထူးသံတမန် ဂျာရက်တ် ကူးရှ်နား (Jared Kushner) ၏ တွေ့ဆုံဆွေးနွေးမှုများမှာ တိုးတက်မှု မရှိသေးပါဘူး။
လက်ရှိအချိန်အထိ ISF တပ်ဖွဲ့အတွက် အင်ဒိုနီးရှား၊ မိုရိုကို၊ ကာဇက်စတန်၊ ကိုဆိုဗို နှင့် အယ်လ်ဘေးနီးယား နိုင်ငံတို့က စစ်သည်များ စေလွှတ်ရန် ကတိပြုထားကြပြီး အီဂျစ်နှင့် ဂျော်ဒန်တို့က ရဲတပ်ဖွဲ့များကို သင်တန်းပေးရန် ကတိပြုထားကြကြောင်း သိရပါတယ်။
Source – Reuters