မြင်းခြံခရိုင် တပ်ရင်း ၂ ရင်းရဲ့ အခြေခံနဲ့ မွမ်းမံစစ်ပညာသင်တန်း ဆင်းပွဲကျင်းပ

စက်တင် ၇
The Kaladan Post
NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသလက်အောက်ခံ မြင်းခြံခရိုင် အမှတ် ၄ နဲ့ အမှတ် ၁၀ တပ်ရင်းတို့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၇ နဲ့ မွမ်းမံသင်တန်းဆင်းပွဲကို စက်တင်ဘာ ၅ ရက်မှာ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ရင်းတွေက ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ ပါတယ်။ အဆိုပါ သင်တန်းမှာ ရဲဘော်သစ်တွေကို သုံးလနီးပါးကြာ အခြေခံစစ်ပညာနဲ့ တိုက်ခိုက်ရေး ပညာတွေ သင်ကြားပေးခဲ့သလို မွမ်းမံသင်တန်းတက်ရောက်သူတွေကိုလည်း တစ်လခန့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးဆိုင်ရာ ပညာရပ်တွေ ပြန်လည်လေ့ကျင့်ပေးခဲ့ကြောင်း သိရပါတယ်။
သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းရဲဘော်တွေအတွက် လိုအပ်တဲ့ လက်နက်၊ ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေကိုပါ အခါတည်းတပ်ဆင်ပေးခဲ့ပြီး သက်ဆိုင်ရာတပ်ရင်းတွေမှာ ဆက်လက် တာဝန်ထမ်းဆောင်နေကြတယ်လို့လည်း သိရပါတယ်။ အဆိုပါတပ်ရင်းတွေဟာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တပ်ဖွဲ့က အသိပေးထားပါတယ်။
#thekaladanpost #မြင်းခြံခရိုင် #NUG #ကာကွယ်ရေးဝန်ကြီးဌာန #PDF


မိခင် လွတ်မြောက်ရေးအတွက် “FREE HER” လှုပ်ရှားမှုတွင် ပါဝင်ကြရန် ကင်မ်အဲရစ် တောင်းဆို

စက်တင် ၇
The Kaladan Post
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်နေရဆဲဖြစ်ပြီး အခြေခံလူ့အခွင့်အရေးတွေ၊ မိသားစု နဲ့ တွေ့ဆုံခွင့်နဲ့ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် “FREE HER” လှုပ်ရှားမှုကို စတင်မယ်လို့ သားဖြစ်သူ ကိုထိန်လင်းခေါ် ကင်မ်အဲရစ်က စက်တင်ဘာ ၆ ရက်မှာ ကြေညာပါတယ်။ ကင်မ်အဲရစ်က မိခင်ရဲ့ အသက်ရှင်နေမှုကိုတောင် မသေချာခဲ့တဲ့အချိန်တွေ ရှိခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျ မသိရသေးသလို သားဖြစ်သူအနေနဲ့ မိခင်နဲ့ တွေ့ဆုံခွင့်နဲ့ စကားပြောခွင့် မရသေးကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ “FREE HER” လှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံအခွင့်အရေးတွေ ရရှိရေး၊ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်ရရေးနဲ့ ခြွင်းချက်မရှိ လွတ်မြောက်ရေးကို အဓိကတောင်းဆိုသွားမယ့် လှုပ်ရှားမှုဖြစ်တယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။ ဒါ့အပြင် ကင်မ်အဲရစ်က ကမ္ဘာတစ်ဝန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ပေးသူတွေအနေနဲ့ အခုနောက်တစ်ဆင့်မှာလည်း အသံထပ်မံပေးကြဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးတောင်းဆိုမှုတွေ ဆက်လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque တို့ တွေ့ဆုံခဲ့ကြောင်း ပြီးခဲ့သည့် (ဩဂုတ် ၃) က ကြေညာခဲ့ကြသော်လည်း အခြေအနေတချို့အပေါ် စိတ်သက်သာရာရခဲ့ပေမယ့် လွတ်မြောက်လာခြင်းတော့ မရှိသေးဘူးလို့ ထပ်မံပြောဆိုထားပါတယ်။
အာဏာသိမ်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး အမှုပေါင်း ၁၉ မှုဖြင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလက နေပြည်တော် အကျဉ်းထောင်မှ အခြား နေအိမ်တစ်ခုသို့ ရွှေ့ပြောင်းချုပ်နှောင်ထားလို့ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုအခါ ပြည်တွင်းတော်လှန် ပုန်ကန်မှုများနှင့် နိုင်ငံတကာ၏ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖြေရှင်းရန် ကြိုးပမ်းနေပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးမှုအပေါ် မူတည်ခြင်းမဟုတ်ဘဲ နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ဘုံသဘောတူညီချက်ရမှသာ ဖြေရှင်းနိုင်မည်လို့ နိုင်ငံရေးလေ့လာ အကဲခတ်သူများ၏ သုံးသပ်မှုများလည်းထွက် ပေါ်နေပါတယ်။
#thekaladanpost #အောင်ဆန်းစုကြည် #FREEHER #KimAris #မြန်မာ့နိုင်ငံရေး


PDF ရဲဘော် ၁,၇၉၂ ဦးကို NUG စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်

စက်တင် ၇
The Kaladan Post
ပြည်သူ့ကာကယ်ရေးတပ်မတော် PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်ရေး တာဝန်တွေကို ထူးခြားကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ NUG က ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီနှစ်မှာ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု ၈၁ ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ၄၂ ဦး စုစုပေါင်း ၁,၇၉၂ ဦးကို ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဘွဲ့နဲ့ ဆုတံဆိပ်တွေကို သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်က အဆိုပြုတင်ပြပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦးစိစစ်ကာ NUG ရဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ်စိစစ်ရွေးချယ်ရေး ကော်မတီက ထပ်မံစိစစ်အတည်ပြုပြီး ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်တဲ့အစီအစဉ်ကို နှစ်စဉ်ဆက်လက်ပြုလုပ်သွားမယ်လို့ NUG က ပြောထားပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွက် ဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်ခံရသူတွေရဲ့ အသေးစိတ်စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်သွားမယ်လို့ NUG က အသိပေးထားပါတယ်။
#thekaladanpost #NUG #PDF #ပြည်သူ့ကာကွယ်ရေးတပ်မတော် #စစ်ဘက်ဆိုင်ရာဆုတံဆိပ်

ရှမ်းပြည်နယ် မိုင်းပျဉ်းနဲ့ လောင်းလုံးမြိုနယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စက်တင် ၇
The Kaladan Post
ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ် ပန်မော် ၂၀ မိုင်ကျေးရွာအနီးမှာ စက်တင်ဘာ ၄ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့က မော်တော်ကား ၂ စီးကို စစ်ဆေးရာ ကဖင်း စုစုပေါင်း ၂,၀၀၀ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC က ထုတ်ပြန်လာပါတယ်။ အဆိုပါ ကဖင်းတွေဟာ ယာဉ်တစ်စီးမှာ ၁,၀၂၀ ကီလိုနဲ့ နောက်တစ်စီးမှာ ၉၈၀ ကီလို ပါရှိပြီး ယာဉ်မောင်း ၂ ဦးကို မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားကာ နောက်ကွယ်က ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က ဆိုင်ကယ်ပြင်ဆိုင်တစ်ခုကို ရှာဖွေစစ်ဆေးရာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဆီက WY မူးယစ်ဆေးပြား ၁၆၈ လုံးနဲ့ BA-94 သေနတ် တစ်လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ်မှာ ငွေသား ၁၁ သိန်းကျော်၊ ဖုန်း ၂ လုံးနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းအချို့ကိုလည်း ထပ်မံသိမ်းဆည်းရမိကြောင်း သိရပါတယ်။
လောင်းလုံးဖြစ်စဉ်က ဖမ်းဆီးခံရသူကို ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေသလို မိုင်းပျဉ်းဖြစ်စဉ်မှာလည်း ဖမ်းဆီးထားသူတွေကနေတစ်ဆင့် မူးယစ်ဆေးဝါးကွင်းဆက်ကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ပြောဆိုထားပါတယ်။
#thekaladanpost #မူးယစ်ဆေးဝါး #မိုင်းပျဉ်း #လောင်းလုံး #မူးယစ်ဆေးဝါးဖမ်းဆီးမှု

မုံရွာမှာ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ မုံရွာပကဖ ပြောဆို

စက်တင် ၇
The Kaladan Post
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စက်တင်ဘာ ၅ ရက်က ဒုရဲအုပ် ထွန်းကိုကို ဦးဆောင်တဲ့ ရဲနဲ့ စစ်သားတွေ ရှိရာနေရာကို Titans Force – Monywa LPDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထွန်းကိုကိုနဲ့ ဇနီးဖြစ် သူတို့ သေဆုံးခဲ့တယ်လို့ မုံရွာပကဖက ယနေ့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။ အဆိုပါ နေရာဟာ သာစည်ကျေးရွာအနီး ဆောက်လက်စအကျဉ်းထောင်နားမှာရှိတဲ့ ဂိတ် ၃ ခုထဲက တစ်ခု ဖြစ်ပြီး အနီးဝန်းကျင် လယ်ယာလုပ်သားနဲ့ တိရစ္ဆာန်ကျောင်းသူ၊ ကျောင်းသားတွေကို ဖမ်းဆီး ငွေညှစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း မုံရွာပကဖက ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်အပြီး ပစ္စတိုသေနတ်တစ်လက်နဲ့ စကားပြောစက်တစ်လုံး သိမ်းဆည်းရရှိခဲ့ပြီး မုံရွာပကဖဘက်က အဖွဲ့ဝင်တွေကတော့ လက်ဦးမှုယူ တိုက်ခိုက်ပြီးနောက် အမြန်ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ထွန်းကိုကိုနဲ့ သူ့ဇနီးဟာ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေမှာ ပတ်သက်မှုရှိကြောင်း မုံရွာပကဖက ပြောဆိုထားပြီး ဇနီးဖြစ်သူရဲ့ ပတ်သက်မှုအသေးစိတ်ကိုတော့ သီးခြားထုတ်ဖော်တာမရှိသေးကြောင်း သိရပါတယ်။
#thekaladanpost #မုံရွာ #မုံရွာပကဖ #TitansForce #စစ်ကိုင်းတိုင်း