SCEF နှင့် မွန်တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံကာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ရှေ့လုပ်ငန်းများ ညှိနှိုင်း
ဇူလိုင် ၂၆
The Kaladan Post
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် မွန်တော်လှန်ရေး၊ နိုင်ငံရေးအင်အားစု (၄) ဖွဲ့တို့သည် လက်ရှိနိုင်ငံရေးအခြေအနေနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးတွင် SCEF၊ NMSP-AD၊ MSFC၊ MSCC နှင့် CRMH မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ ကြပြီး တော်လှန်ရေးကာလအတွင်း နိုင်ငံရေးနှင့် မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောတူချမှတ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီးတွင် SCEF နှင့် မွန်နိုင်ငံရေးအင်အားစုများမှ တာဝန်ရှိသူများက နိဂုံးချုပ်အမှာ စကားများ ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသူများက ယခုတွေ့ဆုံဆွေးနွေးမှုသည် ဖက်ဒရယ်အင်အားစုများနှင့် မွန်တော်လှန်ရေး အဖွဲ့အစည်းများအကြား နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာလာစေ မည့် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားပါတယ်။
#SCEF#မွန်တော်လှန်ရေး#ဖက်ဒရယ်ဒီမိုကရေစီ#NMSPAD#မြန်မာသတင်း

ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
ဇူလိုင် ၂၆
The Kaladan Post
မကွေး–ကံပြား–မြို့သစ်–နေပြည်တော်လမ်းပိုင်းရှိ ရွှေပန်းရဲစခန်းနှင့် ပူးတွဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး စခန်းကို အပြီးသတ်ထိန်းချုပ်နိုင်ကာ လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့် ငွေသားကျပ် ၃၅ သိန်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များက စခန်းနှင့် စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သယ်ယူရန် အခက်အခဲရှိသည့် ဟောင်ဝစ်ဇာအမြောက်တစ်လက်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ပြောဆိုထားပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနက ယင်းစခန်းသည် နေပြည်တော်၏ အပြင်စည်းကာကွယ်ရေးစခန်းတစ်ခုဖြစ်ကြောင်းနှင့် ယခုတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
#နေပြည်တော်တိုင်းစစ်ဌာန#ရွှေပန်းရဲစခန်း#စခန်းသိမ်းတိုက်ပွဲ#တော်လှန်ရေးသတင်း#မြန်မာသတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်ကို PDF ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ
ဇူလိုင် ၂၆
The Kaladan Post
မကွေးတိုင်း စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၂၅ ဦးခန့် လိုက်ပါလာသည့် ယာဉ်တစ်စီးကို PDF ပူးပေါင်းတပ်များက ကြိုတင်စောင့်ဆိုင်း၍ မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ အပြန်အလှန်တိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ယာဉ်ဖြင့် ပြန်လည်ဆုတ်ခွာသွားကာ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် ယာဉ်လည်း ပျက်စီးခဲ့ကြောင်း ဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် SLN LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်တွင် ဖြစ်စဉ်နှင့်ပတ်သက်သည့် ထိခိုက်မှုအခြေအနေများကို သီးခြားလွတ်လပ်သော အရင်းအမြစ်များမှ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
#စလင်းမြို့နယ် #မင်းဘူးခရိုင်အမှတ်၅တပ်ရင်း #PDFပူးပေါင်းတပ်ဖွဲ့ #တော်လှန်ရေးသတင်း
#မြန်မာသတင်း

မိုးမောက် စစ်ရှောင်စခန်းတွင် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကို သတ်သေ
ဇူလိုင် ၂၆
The Kaladan Post
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ ပါကထောင် (Pa Kahtawng) စစ်ရှောင်စခန်းတွင် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှသိရပါတယ်။ ၎င်းသည် ညပိုင်းအချိန်တွင် ပုံမှန်မဟုတ်သော အပြုအမူများ ပြသခဲ့ပြီးနောက် ဓားဖြင့် မိမိကိုယ်ကို ထိခိုက်စေခဲ့ရာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။
နီးစပ်သူများ၏ အဆိုအရ သေဆုံးသူမှာ ယခင်ကတည်းက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ခဲ့ဖူးပြီး၊ ဖြစ်စဉ်မတိုင်မီ ရက်ပိုင်းအတွင်း ဖျားနာနေခဲ့သော်လည်း အရက်သေစာ သောက်စားထားခြင်း မရှိကြောင်း ပြောဆိုထားပါတယ်။
လက်ရှိတွင် အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပါကထောင် စစ်ရှောင်စခန်း တာဝန်ရှိသူများနှင့် စခန်းကော်မတီဝင်များက လိုအပ်သည့် စီမံဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
#ကချင်ပြည်နယ်#မိုးမောက်မြို့နယ်#စစ်ရှောင်စခန်း#ဒေသသတင်း#မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကို အသက်ကယ်ရန် အင်အား ၁,၀၀၀ ခန့် ဖြည့်သည့် စစ်တပ် တိုက်ခိုက်ခံရ
ဇူလိုင် ၂၆
The Kaladan Post
မကွေးတိုင်း ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကောင်စီတပ်က စစ်သည်နှင့် လက်နက် ခဲယမ်းများ တင်ဆောင်ထားသည့် စစ်ကားအစီးရေ ၇၀ ကျော်ဖြင့် ထပ်မံအင်အားဖြည့်တင်းခဲ့ကြောင်း စုံစမ်းသိရပါတယ်။
ထပ်တိုးစစ်ကြောင်းများ နတ်ရေကန်ဘက်သို့ ဦးတည်ရွေ့လျားလာစဉ် အာရက္ခတပ်တော် (AA) က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြေပြင်တိုက်ပွဲများ ပြန်လည်ပြင်းထန် လာကြောင်း သိရပါတယ်။
တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲပစ်ကူများအပြင် အနီးဝန်းကျင်ရှိ တပ်စခန်းများမှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်းလည်း ဒေသစစ်ရေးသတင်းများတွင် ဖော်ပြထားပါတယ်။
အဆိုပါယာဉ်တန်းတွင် စစ်သည်အင်အား ၁,၀၀၀ ခန့် ပါဝင်ပြီး လက်နက်ခဲယမ်းများ တင်ဆောင်လာ သည့် ယာဉ်များလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းသည် အမ်း-ပဒါန်းလမ်းကြောင်းပေါ်ရှိ အရေးပါသော စစ်ရေးဗျူဟာစခန်း ဖြစ်သည့်အတွက် နှစ်ဖက်စလုံးက အင်အားတိုးမြှင့်အသုံးပြုနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားပါတယ်။
#AA#နတ်ရေကန်ဗျူဟာကုန်း#ပဒါန်းတိုက်ပွဲ#စစ်ရေးသတင်း#မြန်မာသတင်း
