ဩဂုတ် ၄၊ ၂၀၂၆

The Kaladan Post

ဩစတြေးလျ အမျိုးသားလေကြောင်းလိုင်း Qantas Airways ဟာ ဂျပန်အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Jetstar Japan မှာ ပိုင်ဆိုင်ထားတဲ့ ၃၃ ဒသမ ၃၂ ရာခိုင်နှုန်းသော ရှယ်ယာတွေကို ဂျပန်ယန်း ၈ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၁ သန်း) နဲ့ ပြန်လည်ရောင်းချပြီး လုပ်ငန်းကနေ နုတ်ထွက်တော့မယ်လို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

ဒီသဘောတူညီချက်အရ Jetstar Japan ဟာ Qantas ရဲ့ ရှယ်ယာတွေကို ပြန်လည်ဝယ်ယူသွားမှာဖြစ်ပြီး ဂျပန်ဖွံ့ဖြိုးရေးဘဏ် (Development Bank of Japan) က ရှယ်ယာရှင်သစ်အဖြစ် ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဂျပန်လေကြောင်းလိုင်း (Japan Airlines) နဲ့ Tokyo Century တို့ကတော့ သူတို့ရဲ့ ရှယ်ယာတွေကို ဆက်လက် ပိုင်ဆိုင်ထားကြမှာပါ။ Qantas နုတ်ထွက်သွားပြီးနောက်မှာတော့ Jetstar Japan အနေနဲ့ “Jetstar” အမည်ကို စွန့်လွှတ်ပြီး ဂျပန်ပိုင် လေကြောင်းလိုင်းအဖြစ် အမည်သစ်နဲ့ ပြန်လည်ပြောင်းလဲ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်ရတာဟာ ဩစတြေးလျ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုအာရုံစိုက်နိုင်ဖို့ ဖြစ်တယ်လို့ [Qantas Airways] က ထုတ်ပြန်ထားပါတယ်။ ဒီရှယ်ယာ ပြန်လည်ဝယ်ယူမှု အစီအစဉ်ကနေ Qantas အနေနဲ့ အမေရိကန်ဒေါ်လာ ၈၀ သန်းကျော် (ဩစတြေးလျဒေါ်လာ ၁၁၅ သန်း) ခန့် အမြတ်အစွန်း ရရှိလာမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇွန်လမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Jetstar Japan ကို Qantas၊ Japan Airlines နဲ့ Mitsubishi Corp တို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ တိုကျိုမြို့အနီး နာရီတာ လေဆိပ်ကနေ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခုလို ရှယ်ယာပြန်လည်ရောင်းချမယ့် သတင်းထွက်ပေါ်လာပြီးနောက်မှာ Qantas ရဲ့ စတော့ရှယ်ယာဈေးနှုန်းဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။

သတင်း Source – Reuters