ဇူလိုင် ၂၇၊ ၂၀၂၆
The Kaladan Post
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းကြောင့် နယူးယောက်မြို့ကို လာရောက်လည်ပတ်ရင် အဖမ်းခံရနိုင်ခြေရှိတယ်လို့ နယူးယောက်မြို့တော်ဝန်ရဲ့ ပြောကြားချက်အပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က ဒါဟာ “အမုန်းပွားအောင် လုပ်ဆောင်နေတာ ဖြစ်တယ်” လို့ တနင်္ဂနွေနေ့မှာ ပထမဆုံးအကြိမ် တုံ့ပြန်လိုက်ပါတယ်။ နယူးယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီ (Zohran Mamdani) က လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ ဝန်ကြီးချုပ် နေတန်ယာဟု နယူးယောက်ကို လာရောက်မယ်ဆိုရင် ဖမ်းဆီးဖို့ စဉ်းစားသွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Fox News နဲ့ အင်တာဗျူးမှာ နေတန်ယာဟုက မြို့တော်ဝန် မန်ဒါနီကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး “သူဟာ အမုန်းတရားတွေကို မွှေနှောက်နေတာပါ။ သူဟာ ဂျူး၊ ခရစ်ယာန်၊ မူဆလင် အပါအဝင် နယူးယောက်မြို့သား အားလုံးရဲ့ မြို့တော်ဝန် ဖြစ်ရမှာပါ။ အခုတော့ သူက လူတစ်စုနဲ့ တစ်စုကြား အမုန်းပွားအောင် လုပ်နေပါတယ်။ အမေရိကန်ရောက် ဂျူးလူမျိုးတွေဟာ အခုအချိန်မှာ တကယ်ကို ထိတ်လန့်နေကြရပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းအနေနဲ့ ကုလသမဂ္ဂ စင်မြင့်ထက်ကနေ အမှန်တရားကို ပြောဆိုဖို့နဲ့ အစ္စရေး-အမေရိကန် မဟာမိတ် ဆက်ဆံရေးအတွက် ရပ်တည်ပြောဆိုဖို့ နယူးယောက်ကို လာရောက်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
မြို့တော်ဝန် မန်ဒါနီ ကတော့ ICC ရဲ့ ဖမ်းဝရမ်းကို အလေးအနက်ထားဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံတကာ ဥပဒေလုပ်ငန်းစဉ်တွေကို ဘယ်သူပဲဖြစ်ဖြစ် တန်းတူညီတူ ကျင့်သုံးရမယ်လို့ ငြင်းချက်ထုတ်ထားပါတယ်။ ၎င်းက “နေတန်ယာဟုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ဂါဇာက ပါလက်စတိုင်းသားတွေကို မျိုးဖြုတ်သတ်ဖြတ်မှုတွေမှာ အဓိက တာဝန်ရှိသူအဖြစ် ICC က ဝရမ်းထုတ်ထားတာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ အကဲဖြတ်မှု မဟုတ်ဘဲ အများပြည်သူ သိထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ဟာ ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယောဗ်ဂဲန့် တို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။ အစ္စရေးဘက်ကတော့ ဒီစွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားသလို ဒီတရားရုံးဟာ အစ္စရေးအပေါ် စီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ နေတန်ယာဟု အမေရိကန်ကို လာရောက်တဲ့အခါ အဖမ်းခံရမှာ မဟုတ်ဘူးလို့ အာမခံထားပြီးသား ဖြစ်ပါတယ်။
သတင်း Source: WION / AFP / Fox News